ကူးတို့ရွာ ဝက်မွေးမြူရေးအနံ့ဆိုး မပြေလည်သေး

0
207
Dawei Watch, Dawei News, Dawei News Media

ထားဝယ်မြို့နယ်အတွင်းရှိ ကူးတို့ ကျေးရွာတွင် ဝက်မွေးမြူရေးခြံမှထွက်သည့် အနံ့ဆိုးကိစ္စကိုင်တွယ်ရာတွင် အဖြေမထွက်သေးကြောင်း ကျေးရွာအုပ် ချုပ်ရေးမှူးနှင့် အနီးပတ်ဝန်းကျင်နေသူ အချို့ထံမှ သိရသည်။

အဆိုပါကျေးရွာ၊ သစ်ဖြူတောင် လမ်းရှိ ဝက်မွေးမြူရေးခြံတွင် ဝက်အကောင်ရေ ၅၀ ဝန်းကျင်မွေးမြူထားရာ အဆိုပါခြံမှ ထွက်ရှိသည့် အနံ့အသက်ဆိုးများကြောင့် အနီးပတ်ဝန်းကျင်နေသူ များက မြို့နယ်အုပ်ချုပ်ရေးမှူးထံ တိုင်ကြားထားခဲ့သည်။

ယင်းတိုင်ကြားချက်အပေါ် အထွေ ထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ပတ်ဝန်းကျင် ထိန်းသိမ်းရေးဦးစီးဌာနနှင့် စည်ပင် သာယာရေး အဖွဲ့အပါအဝင် သက်ဆိုင်ရာဌာနတာဝန်ရှိသူများက ကွင်းဆင်း စိစစ်ခဲ့သည်။

ထိုကဲ့သို့ ကွင်းဆင်းစိစစ်ပြီးနောက် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနမှ အကြံပြုချက် ခုနစ်ချက်အတိုင်း ဝက်ခြံ ပိုင်ရှင်ကို ခေါ်ယူရှင်းလင်းရန် မြို့နယ် အုပ်ချုပ်ရေးမှူးမှ တစ်ဆင့် ကျေးရွာ အုပ်ချုပ်ရေးမှူးထံ ဒီဇင်ဘာလ ၂ ရက်နေ့တွင် ညွှန်ကြားခဲ့သည်။

ယင်းကဲ့သို့ ညွှန်ကြားလာသည့်အတွက် ဝက်ခြံပိုင်ရှင်နှင့် အနီးပတ်ဝန်း ကျင်နေသူများကို ခေါ်ယူညှိနှိုင်းရာ ပြေလည်မှုမရှိသေးကြောင်း ကူးတို့ကျေး ရွာအုပ်စု အုပ်ချုပ်ရေးမှူး ဦးတင်လှက ဆိုသည်။

“သူတို့ကို ညှိပေးတယ်။ ညှိပေးတဲ့အချိန်မှာ တစ်ဖက်ကလည်း တင်းမာတယ်။ တစ်ဖက်ကလည်း လိုချင်တာတင် ပြတယ်။ တစ်ဖက်ကလည်း မလုပ်ပေးနိုင်ဘူး” ဟု ဦးတင်လှက ပြောသည်။

တစ်ဖက်နှင့် တစ်ဖက် ညှိနှိုင်းမှု မပြေလည်သေးဘဲ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာန၏ အကြံပြုချက် အတိုင်းလိုက်နာမှုရှိ/ မရှိ စောင့်ကြည့်နေသည့် အနေအထားဖြစ်ကြောင်း ၎င်းက ဆိုသည်။

အထက်ပါဌာန၏ အကြံပြုချက်တွင် မွေးမြူရေးခြံမှထွက်သည့် အညစ် အကြေးများကို လူနေအိမ်များနှင့် ဝေးရာသို့ ပြောင်းရွှေ့ထားရန်နှင့် ပြောင်းရွှေ့မည့်နေရာတွင် အခြားပတ်ဝန်းကျင် ညစ်ညမ်းမှုများ၊ လူမှုရေးဆိုင်ရာထိခိုက်မှုမရှိစေရေး အလေးထား ဆောင်ရွက်ရန်၊ အနီးပတ်ဝန်းကျင်ရှိ ဒေသခံပြည်သူများ၏ ဆန္ဒသဘောထားများ ရယူပြီးမှသာ လုပ်ငန်းအကောင်အထည်ဖော်ရန် ဖော်ပြထားသည်။

လက်ရှိတွင် အဆိုပါဝက်မွေးမြူ ရေးခြံမှထွက်သည့် အနံ့ဆိုးကြောင့် ပတ်ဝန်းကျင်နေသူများမခံမရပ်နိုင်သည့်အတွက် ယင်းကဲ့သို့တိုင်ကြားခဲ့ခြင်းဖြစ်ကြောင်း အနီးဝန်းကျင်နေသူတစ်ဦးဖြစ် သူ ဦးပန်းစိန်က ဆိုသည်။

“ဝက်ခြံရှင်ဘက်က ကြိုက်တဲ့နေရာ တက်တဲ့။ ကျွန်တော်တို့ကို အဲလိုမျိုး ပြောတယ်။ စည်းမျဉ်းစည်းကမ်းတွေက သူတို့ မလိုက်နာနိုင်ဘူးဆိုတဲ့သဘောပေါ့ဗျာ” ဟု ဦးပန်းစိန်က ပြောသည်။

ထိုကဲ့သို့ အနံ့ဆိုးဒဏ်မခံနိုင်သည့်အတွက် ပြီးခဲ့သည့်နှစ်များကလည်း သက်ဆိုင်ရာ ကျေးရွာအုပ်ချုပ်ရေးမှူးထံ တိုင်ကြားခဲ့ဖူး သော်လည်း ထူးခြားမှုမရှိကြောင်း အနီးဝန်းကျင်နေသူတစ်ဦး ဖြစ်သူ ဦးကြည်ဝင်းက ဆိုသည်။

အဆိုပါဝက်မွေးမြူရေးခြံအနီးဝန်းကျင်တွင် နေအိမ် ခုနစ်လုံးခန့်ရှိပြီး ကျေးရွာနှင့် နီးကပ်လွန်းနေကြောင်း ဒေသခံ အချို့ထံမှ သိရသည်။