ကိုဗစ်လူနာသေဆုံးမှု တိုးလာ

0
264
Dawei Watch, Dawei News, Dawei News Media

မွန်ပြည်နယ်တွင် ကိုဗစ်ကူးစက်မှုနေ့စဉ်မြင့်တက်လာပြီး သေဆုံးမှုလည်း တိုးလာသည်ဟု မွန်ပြည်နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနထံမှ သိရသည်။

ဒီဇင်ဘာ ၁၀ ရက်နေ့အထိစာရင်းအရ ကိုဗစ်လူနာ သေဆုံးသူ ၁၇ ဦးရှိ လာပြီး တစ်ရက်တည်းတွင် သေဆုံးသူ သုံးဦးအထိရှိခဲ့သည်ဟု ပြည်နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ သိရသည်။

ကိုဗစ်ကူးစက်ခံရပြီး သေဆုံးသူတို့တွင် ယခင်က ကင်ဆာ အစရှိသည့် ရောဂါအခံ ကြီးကြီးမားမားရှိသူတို့သာ သေဆုံးမှုရှိခဲ့သော်လည်း ယခုနောက်ပိုင်းတွင် ဆီးချို၊ သွေးတိုးရှိသူနှင့် ကျောက်ကပ် အားနည်းသူတို့လည်း သေဆုံးမှုရှိလာသည်ဟု ပြည်နယ်ပြည်သူ့ကျန်းမာရေး ဦးစီးဌာနက ပြောသည်။

“ဒီရက်ပိုင်းအတွင်းကတော့ ဆီးချိုကြောင့်နဲ့ ကျောက်ကပ်အားနည်းလို့ ပေါ့နော် ရောက်ရောက်ချင်း ဆုံးသွားတာ ၂ ယောက်လောက်ရှိတယ်” ဟု ပြည် နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာန ဒု- ပြည်နယ်ဦးစီးမှူး ဒေါက်တာဝတ်မှုံက ပြောသည်။

မွန်ပြည်နယ်တွင် အထူးသဖြင့် မော်လမြိုင်၊ သထုံနှင့် ကျိုက်ထိုမြို့နယ် တို့တွင် နိုဝင်ဘာလဆန်းပိုင်းခန့်မှစပြီး ကိုဗစ်ပိုးတွေ့လူနာ သိသိသာသာမြင့် တက်လာခဲ့ပြီး ထိတွေ့သူတွေလည်း များပြားလာခဲ့သည်။

လက်ရှိတွင် ပြည်နယ်အတွင်း ကိုဗစ်အတည်ပြုလူနာ များပြားလာသည့် အတွက်ကြောင့် အတည်ပြုလူနာများကို ကုသပေးသည့်နေရာကို မော်လမြိုင်အပြင် သထုံမြို့တွင်လည်း ထပ်မံတိုးချဲ့ ထားရသည့်အပြင် ဆက်စပ်ထိတွေ့သူများကိုလည်း ကွာရန်တင်းစင်တာတွင် မထားတော့ဘဲ နေအိမ်တွင်သာ ထားရှိ စောင့်ကြည့်မှု လုပ်ဆောင်ထားသည်။

ကူးစက်မှုတိုးလာနေသည့်အခြေအနေမှ ကာကွယ်ထိန်းချုပ်နိုင်ရေးအတွက် တာဝန်ရှိသူတို့က ပညာပေးမှုများ လုပ်ဆောင်နေသလို သတ်မှတ်ထားသည့် စည်းကမ်းမလိုက်နာသူများကို အရေးယူ ဆောင်ရွက်နေသည်လည်းရှိနေသည်။

မွန်ပြည်နယ်တွင် ဒီဇင်ဘာ ၁၀ ရက်နေ့အထိ ကိုဗစ်ကူးစက်ခံရသူ ၁၉၀ဝ နီးပါးရှိခဲ့ကာ ၁၆၀ဝ ခန့်သည် ရောဂါသက်သာပြီး ဆေးရုံဆင်းသွားသူများ ဖြစ်ပြီး လက်ရှိတွင် ဆေးရုံ၌ ဆေးကုသမှု ခံယူနေရသည့် ကိုဗစ်လူနာ ၃၀ဝ ခန့်ရှိ နေသည်ဟု ပြည်နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနရှိစာရင်းအရ သိရသည်။