ကွာရန်တင်းစင်တာများ အလှူရှင်တို့ဖြင့် ရပ်တည်နေရ

0
260
Dawei Watch, Dawei News, Dawei News Media

မြိတ်မြို့ရှိ ကွာရန်တင်းစင်တာများမှာ အလှူရှင်များ၏ လှူဒါန်းမှုတို့ဖြင့် ရပ်တည်နေရကြောင်း ယင်းကွာရန်တင်းစင်တာ အသိုင်းအဝိုင်းထံမှ သိရသည်။

ကွာရန်တင်းဝင်သူတစ်ဦးလျှင် သတ်မှတ်ထားသည့် တစ်နေ့စားစရိတ် ၃၄၀ဝ ကျပ်အား အများစုမှာ မတတ်နိုင်ကြသဖြင့် စေတနာရှင်အလှူရှင်တို့၏ လှူဒါန်းမှုများနှင့် အရပ်ဘက်အဖွဲ့အစည်းများ၏ ကူညီပံ့ပိုးမှုတို့ဖြင့် ရပ်တည်နေရခြင်းဖြစ်ကြောင်း ကွာရန်တင်းစင်တာ တာဝန်ခံတချို့က ပြောပြသည်။

အရပ်ဘက်အဖွဲ့အစည်းများအနေဖြင့် မြိတ်ဒေသ ကိုဗစ်-၁၉ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးအတွက် အထောက်အကူပြုကော်မတီနှင့် မြိတ်ခရိုင် ကိုဗစ်- ၁၉ ကာကွယ်ရေး အရပ်ဘက်ပူးပေါင်း ကော်မတီတို့မှ ကူညီပံ့ပိုးနေကြောင်း သိရသည်။

ကိုဗစ်-၁၉ ရောဂါပိုးရှိသူနှင့်ထိ တွေ့ဆက်စပ်သူတို့မှာ ကွာရန်တင်း စင်တာတွင် ၁၄ ရက်အထိ နေထိုင်ရပြီး ပိုးမတွေ့ရှိမှသာ နေအိမ်သို့ပြန်ခွင့်ပြု ထားသည်။

မြိတ်တက္ကသိုလ်ဝင်းရှိ ပုလဲမာန်၊ ပုလဲရာဇာ၊ ပုလဲရွှေရည်အဆောင်တို့နှင့် မြိတ်ကွန်ပျူတာက္ကသိုလ်၊ ကလွင်ကျေးရွာအုပ်စုရှိ အမှတ် ၈ အခြေခံပညာအထက်တန်းကျောင်း၊ တောရရပ်နှင့် အင်းလေး မြိုင်စက်မှုဇုန်ရှိ အိုးအိမ်ဌာနတို့တွင် ကွာရန်တင်းစင်တာများအဖြစ် ဖွင့်လှစ်ထားခြင်းဖြစ်သည်။

မြိတ်သို့ဝင်ရောက်လာသည့် ကုန်တင်ယာဉ်များအား ကဘင်ကျေးရွာ လမ်းဆုံတွင် စစ်ဆေးစခန်းဖွင့်လှစ်ထားပြီး ကုန်တင်ယာဉ်မောင်းနှင့် ယာဉ်နောက်လိုက်များအတွက် မြိတ်နည်းပညာတက္ကသိုလ်တွင် ခေတ္တနားနေသည့် နေရာအဖြစ် သတ်မှတ်ဆောင်ရွက်ထားကြောင်း သိရသည်။