လယ်ရှိသော်လည်း ဆန်ဝယ်စားနေရသည့် ရွာ

0
187
Dawei Watch, Dawei News, Dawei News Media

အချို့သောလယ်သမားများအနေနှင့် လယ်လုပ်ငန်းကို စွန့်ခွာနေချိန်တွင် ထားဝယ်ခရိုင်၊ ရေဖြူမြို့နယ်၊ မောရဝတီ ရေတပ် အနီးအနားရှိ ဆင်ကူးကျေးရွာက လယ်သမားများမှာမူ လယ်လုပ်ချင်နေသည်။

သို့သော်လည်း လုပ်ပိုင်ခွင့်မရ။ အဆိုပါနေရာမှ လယ်ဧက ထောင်နှင့်ချီသော လယ်ဧကများမှာ ဟိန္ဇဲချောင်းမှ ရေငန်ဝင်သဖြင့် လုပ်ကိုင်မရတော့ဘဲ စွန့်ပစ်ထားကြရသည်မှာ ဆယ်စုနှစ် တိုင်နေပြီဖြစ်ကြောင်း ဒေသခံလယ်သမား အချို့က ပြောသည်။

“ကျွန်တော်တို့ လယ်လုပ်ချင်တယ်။ ကျွန်တော်မှာ ထွန်စက်လည်းရှိတယ်။ အခုက လယ်ရှိလျက်သားနဲ့ ပစ်ထားရတာ ဆိုတော့ ဆန်ဝယ်စားနေရတယ်” ဟု ယင်းကျေးရွာမှ မွန်တိုင်းရင်းသား လယ်သမားဖြစ်သူ ဦးကျော်ငြိမ်းက ဆိုသည်။

ကိုဗစ်နှင့် အိမ်အဟောင်းဈေးကွက်

၎င်း၏ လယ်မြေ ၁၀ ဧကခန့်မှာ ရေငန်ဝင်ရောက်မှုကြောင့် စိုက်ပျိုးလုပ်ကိုင်၍ မရဘဲ ဖြစ်နေသည်။

ယခင်က လယ်ထဲသို့ ရေငန်မဝင် စေရန်အတွက် လယ်သမားများက ကိုယ့်အားကိုယ်ကိုးပြီး တာတမံကို တည်ဆောက်ထားခဲ့ကြသည်။ သို့သော် နောက်ပိုင်းတွင် ဟိန္ဇဲချောင်းရေ မြင့်တက်လာသဖြင့် တာတမံများမှာ ပြိုကျသွားခဲ့ကြောင်း ၎င်းတို့က ပြောသည်။

တိုင်းအစိုးရထံလည်း ရေငန်တား တမံဆောက်ပေးရန် တောင်းဆိုခဲ့ဖူးသော်လည်း တာတမံဆောက်ပေးရမည့်အရေတွက်မှာ များပြားပြီး ရန်ပုံငွေကုန်ကျမှု များသည်ဟုဆိုကာ ယနေ့အချိန်အထိ ဆောင်ရွက်ပေးခြင်းမရှိကြောင်း လယ်ငါးဧကကို စွန့်ပစ်ထားရသည့် အခြား မွန်တိုင်းရင်းသား ဦးဝင်းစိန်က ပြောသည်။

“လယ်ရှိတယ်ဆိုရင်၊ ကြက်လည်း ရှိတယ်။ ဝက်လည်းရှိတယ်။ တစ်နိုင်တစ်ပိုင် မွေးလို့ရတယ်။ ဘာမှမဝယ်ထိတော့ဘူး။ အခုက လယ်မရှိတော့ အကုန်ဝယ် စားနေရတယ်။ ဆန်တစ်အိတ်ကို သုံးသောင်းကျော်တယ်။ တစ်ရွာလုံးဆိုရင် စဉ်းစားသာကြည့်တော့” ဟု ဦးဝင်းစိန် က ဆိုသည်။

ဆင်ကူးကျေးရွာတွင် ပစ်ထားရသည့် လယ်ဧကပေါင်း ၁၀ဝ၀ နီးပါးရှိပြီး အချို့လယ်မှာ တောရိုင်းများပင်ဖြစ်နေပြီကာ ရေငန်တားတမံတစ်ခု အမြန်ဆုံး ဆောက်လုပ်ပေးရန် ယင်းကျေးရွာသား များကလည်း အလိုရှိနေကြသည်။

လယ်ကိုစွန့်ပစ်ထားရသဖြင့် ဥယျာဉ်ခြံရှိသူ၊ လှေပိုင်ရှိသူများက အဆင်ပြေသည်ဟုဆိုနိုင်သော်လည်း လယ်လုပ်ငန်းတစ်ခုတည်းကိုသာ လုပ်ကိုင်လာသူတို့မှာ အခြားသူများထံတွင် ကူလီသမားများအဖြစ် ဝင်ရောက် လုပ်ကိုင်နေကြရကြောင်း ယင်းကျေးရွာ သာများက ပြောဆိုကြသည်။

“အခုက ရတဲ့ပိုက်ဆံ ဆန်ပဲဝယ်စား နေရတာ ပိုက်ဆံက ဘယ်ခံနိုင်မလဲ” ဟု ဦးကျော်ငြိမ်းက ပြောသည်။

ကျော်သူစိုး