အယားပြေ CCTV

0
644
Dawei Watch, Dawei News, Dawei News Media

ထားဝယ်မြို့အတွင်း မီးပွိုင့်လမ်း ဆုံများနှင့် မြို့ဝင်မြို့ထွက်နေရာများတွင် စောင့်ကြည့်ရေးကင်မရာ(CCTV) များကို ယခင်အစိုးရလက်ထက်ကတည်းက တပ်ဆင်ထားခဲ့သည်။

လက်ရှိ အစိုးရလက်ထက်တွင်လည်း ပြည်သူ့ဘဏ္ဍာ ကျပ်သိန်းရာပေါင်း များစွာ အကုန်အကျခံကာ ထပ်မံတပ် ဆင်ခဲ့သည်။

ရာဇဝတ်မှုခင်းများကို ကြိုတင် ကာကွယ်နိုင်သည့်အပြင် ဖြစ်ပွားပြီးပါ က ခြေရာခံဖမ်းဆီးရာတွင် အထောက်အကူ ဖြစ်စေရန်ဟူသည့် ရည်ရွယ်ချက်ဖြင့် စောင့်ကြည့်ကင်မရာများကို တပ်ဆင်ခြင်း ဖြစ်သည်။

သို့သော် လက်ရှိတွင် ရာဇဝတ်မှု ခင်းများကိစ္စအတွက် သိပ်အသုံးမဝင်သည့် အနေအထား ဖြစ်နေသည်။ အထူးသဖြင့် ညဘက်တွင်ဖြစ်သည့် အခင်းဖြစ်ပွားမှုနဲ့ ပတ်သက်လျှင် ၎င်းတို့၏ အသုံးတည့်မှုမှာ အားမရစရာ ဖြစ်နေသည်။

ပြီးခဲ့သည့်လက ထားဝယ်အခြေစိုက် သတင်းထောက် ကိုဖြိုးဇင်တစ်ယောက် ညဘက် ဆိုင်ကယ်မှောက်ပြီး အသက်ဆုံး ရှုံးသွားခဲ့သည်။

သို့ကြောင့် ကိုဖြိုးဇင်တစ်ယောက် နေအိမ်မှ မြို့ပေါ်သို့လာရာတွင် စီးလာသည့်အရှိန်၊ လမ်းခရီးတစ်လျှောက် လူအသွားအလာ အခြေအနေများ သိလိုသည့်အတွက် CCTV မှတ်တမ်းများကို သွားကြည့်ဖြစ်ခဲ့သည်။

ကမြောကင်းလမ်းရှိ ၇ လမ်းဆုံ၊ ၄ လမ်းဆုံ စသည့် နေရာများတွင် တပ်ဆင်ထားသည့် CCTV မှတ်တမ်းများကို ပြန်ကြည့်ခဲ့ရာတွင် ယာဉ်အသွားအလာ မှတ်တမ်းများကိုလည်း မြင်နေရသည်။ သို့ရာတွင် အခင်းဖြစ်ချိန်က ညမီးရောင် အောက်တွင် ဆိုင်ကယ်အရောင်၊ ဝတ်ဆင်ထားသည့် အဝတ်အစား အရောင်နှင့် မည်သူမည်ဝါဖြစ်သည်ကို ကောင်းကောင်း မခွဲခြားနိုင်ပေ။

လက်ရှိ ထားဝယ်မြို့လမ်းများတွင် တပ်ဆင်ထားသည့် CCTV ကင်မရာများ၏ အလုပ်လုပ်ပုံအရ အလင်းရောင် အားကောင်းချိန်တွင် အရောင်ခွဲခြား သိနိုင်သော်လည်း ညဘက်တွင် အဖြူအမည်းအဖြစ် ပြောင်းလဲမှတ်တမ်းတင်နေခြင်းကြောင့် ဖြစ်သည်။

တပ်ဆင်ထားသည့် ကင်မရာများမှာ နေအိမ် အဆောက်အအုံများတွင် တပ်ဆင်သည့် ကင်မရာ အမျိုးအစားများဖြစ်နေခြင်းက အားနည်းချက်တစ်ခု ဖြစ်နေသည်။ ဈေးနှုန်းအရ သက်သာသော်လည်း အရည်အသွေးပိုင်းမှာ အားနည်းသည်။ ညဘက်မဆိုထားနှင့်။ နေ့ဘက်တွင်ပင် အရှိန်ပြင်းပြင်းနှင့် ဖြတ်သန်း သွားလာနေသည်များကို ကောင်းစွာ မှတ်တမ်းတင်နိုင်စွမ်း မရှိသည့် ကင်မရာ များ ဖြစ်နေသည်။ ထိုကြောင့် အမှုအခင်းတစ်ခု ဖြစ်လာချိန်တွင် ရိုက်ကူးထားသည့် မှတ်တမ်းကိုပြန်ကြည့်ပါက သဲသဲကွဲကွဲ မမြင်ရခြင်း ဖြစ်သည်။

မည်သည့်အတွက်ကြောင့် ယင်းသို့သော ကင်မရာများကို လမ်းဆုံ လမ်းမများတွင် တပ်ရန် အစိုးရအနေဖြင့် ဆုံးဖြတ်သည် မသိပါ။

တတ်ကျွမ်းသူများကို မေးမြန်းချက်အရ အမှန်တကယ်တွင် လမ်းဆုံများနှင့် မြို့ဝင်မြို့ထွက်နေရာများတွင် တပ်ဆင်သင့်သည့် ကင်မရာများမှာ အရှိန်ဖြင့် သွားလာနေသည့် ယာဉ်များကို ကောင်းစွာ မှတ်တမ်းတင်နိုင်၊ ညဘက် အလင်းရောင် အောက်တွင်လည်း အဖြူအမည်းမဟုတ်ဘဲ ရောင်စုံဖြင့် မြင်နိုင်၊ ကားနံပါတ်ကို အနီးကပ်ရိုက်နိုင်၊ ယာဉ်မောင်းကို မှတ်တမ်းတင်နိုင် စသည့် လုပ်ဆောင်ချက်များရှိသည့် အရည်အသွေးကောင်းသည့် ကင်မရာများကို သက်ဆိုင်ရာ နေရာ အပေါ်မူတည်ပြီး လိုအပ်ချက်အလိုက် တပ်ဆင်ရမည် ဖြစ်သည်။

သို့မှသာ အခင်းတစ်စုံတစ်ရာ ဖြစ်လာပါက မည်သူမည်ဝါ သို့မဟုတ် ယာဉ်နံပါတ်များကို သဲသဲကွဲကွဲမြင်ရပြီး အလွယ်တကူ အဖြေထုတ်၊ အရေးယူ နိုင်မည် ဖြစ်သည်။

ရန်ကုန်မြို့ အပါအဝင် မြို့ကြီး အများစုတွင်လည်း ယင်းကဲ့သို့ အရည်အသွေးအားကောင်းသည့် ကင်မရာ တပ်ဆင်ထားကြသည်ဟု ဆိုသည်။

လက်ရှိ ထားဝယ်မြို့ပေါ်တွင် ယင်းကဲ့သို့ စွမ်းဆောင်ရည်ရှိသည့် ကင်မရာ လက်ငါးချောင်းစာခန့်သာ ရှိသည်ဟု သိရသည်။

ယင်းသို့ အရည်အသွေးကောင်းသည့် စောင့်ကြည့်ရေးကင်မရာများ ပြောင်းလဲတပ်ဆင်မည်ဆိုပါက ထားဝယ်မြို့ တစ်မြို့လုံးစာအတွက် ကျပ်သိန်း သောင်းဂဏန်း ကုန်ကျနိုင်သည်ဟု သိရသည်။ ကုန်ကျစရိတ်များသော်လည်း အကျိုးရှိမှုအရ အတော်ကွာပေမည်။

ပြည်သူတစ်ဦးအနေဖြင့်မူ တပ်ဆင်ပြီး အကျိုးရှိအောင် အသုံးပြုနိုင်သည်မျိုး ဖြစ်စေချင်သည်။ သို့မှသာ ပြည်သူ့ဘဏ္ဍာ ကုန်ကျရကျိုးနပ်မည် ဖြစ်သည်။

စောင့်ကြည့်ရေးကင်မရာ CCTV တပ်ရခြင်း၏ ရည်ရွယ်ချက်ဖြစ်သည့် မှုခင်းတားဆီးကာကွယ်ရေးနှင့် ဖော်ထုတ်မှု အပိုင်းတွင် ထိရောက်နိုင်မည်ဖြစ် ပေသည်။

CCTV မှတ်တမ်းကို အားကိုး တကြီးဖြင့် ကြည့်ချိန်တွင် ဘာမှန်း ကွဲကွဲပြားပြား မမြင်ရဘဲ အားမလို အားမရဖြင့် ပြန်လာရတာမျိုး မဖြစ်ချင်ပါ။

လက်ရှိတွင်မူ အထည်များ အယားပြေ ဖြစ်နေသည်။

ဟိန်းနောင်