ကိုဗစ်နှင့် အိမ်အဟောင်းဈေးကွက်

0
741
ကိုဗစ်နှင့် အိမ်အဟောင်းဈေးကွက်

ထားဝယ်ဒေသရှိ နေအိမ်ဟောင်း အများစုမှာ သစ်သားဖြင့် ဆောက်လုပ်ထားကြပြီး တိုက်တာအဆောက်အအုံ ဆောက်မည်ဆိုပါက ဖြိုဖျက်လေ့ရှိသည်။

ထိုသို့ဖြိုဖျက်ရသည့်အတွက် ငွေကုန်ကျမှုရှိပြီး ထွက်ရှိလာသည့် သစ်သားအပိုင်းအစများကို စုပုံထားရန် နေရာလည်း လိုအပ်လာသည်။

လက်ရှိတွင်မူ ထိုအခက်အခဲများကို ရှောင်လွှဲနိုင်မည့် ဝန်ဆောင်မှုလုပ်ငန်းများ က ထားဝယ်ဒေသတွင်ရှိနေသည်။

ထိုသူများကား ဖြိုဖျက်မည့်နေအိမ်ကို အလုံးလိုက်ဝယ်ယူပြီး မိမိအစီအစဉ်ဖြင့် ဖြိုဖျက်သယ်ယူသည့် လုပ်ငန်းဖြစ်သည်။

သစ်သားခိုင်ခံ့မှု အနေအထား အပေါ်မူတည်ကာ နေအိမ်တစ်ဆောင်လျှင် ကျပ် သုံးသိန်းဝန်းကျင်မှ သိန်း ၃၀ ခန့်အထိ ပေးပြီး ဝယ်ယူလေ့ရှိသည်။

ယင်းကဲ့သို့အိမ်အဟောင်းဖြိုရာမှ ရလာသည့် သစ်လှေကား၊ သစ်သားချောင်းများ၊ သွပ်ပြားများကို ပြန်လည် ရောင်းချကြသည်။

ထားဝယ်မြို့တွင် ထိုကဲ့သို့ အိမ်အဟောင်းဝယ်ပြီး သစ်သားပြန်ရောင်းသည့်လုပ်ငန်း လေးခုရှိသည်။

သာမန်အားဖြင့် လက်လုပ်လက်စား အခြေခံလူတန်းစားများကသာ ထိုသစ်သားအဟောင်းများကို ပြန်လည်ဝယ်ယူပြီး အသုံးလိုသည့်နေအိမ်အဆောက် အအုံများတွင် ပြန်လည်အသုံးပြုကြသည်ဟု ထားဝယ်မြို့ကမ်းနားလမ်းတွင် သစ်အဟောင်းရောင်းဝယ်ရေးလုပ်နေသည့် ကိုဇော်မင်းထိုက်က ဆိုသည်။

ထိုသို့ သစ်အဟောင်းပြန်ရောင်းရာတွင် အသက်ကြီးဘိုးဘွားများနှင့် ငွေကြေးမတတ်နိုင်သည့်အခြေအနေရှိနေပါက ဝယ်နိုင်မည့်ဈေးနှုန်းဖြင့် ဈေးလျှော့ ရောင်းချကြောင်း ၎င်းက ပြောသည်။

ထိုကဲ့သို့ လိုအပ်ချက်အရ သစ်သားအနည်းငယ် ဝယ်ယူသူများရှိသကဲ့သို့ အိမ်တစ်လုံးဆောက်ရန် လိုအပ်သည့် သစ်သားအားလုံးကို လာဝယ်သူများလည်းရှိကြောင်း အဆိုပါလုပ်ငန်းလုပ်နေသည့် အခြားအမျိုးသားတစ်ဦးက ဆိုသည်။

အဆိုပါလုပ်ငန်းသည် ပုံမှန်အလုပ် ဖြစ်နေခဲ့သော်လည်း ကိုဗစ်၏ ရိုက်ခတ် မှုကို အခြားသောလုပ်ငန်းများနည်းတူ ခံကြရသည်။

ကိုဗစ်မဖြစ်မီက သစ်သားအဟောင်း ရောင်းဝယ်သည့် ဈေးကွက်က ကျယ်ကျယ် ပြန့်ပြန့် ရှိခဲ့သော်လည်း လက်ရှိအချိန်တွင်မူ ရောင်းအား သုံးပုံနှစ်ပုံခန့်အထိ ကျဆင်းသွားကြသည်ဟုဆိုသည်။

ထိုကဲ့သို့ ရောင်းအားကျနေသည့်အတွက် ၎င်းတို့တွင် ဆုံးရှုံးမှုများလည်း ရှိသည်။

သစ်အဟောင်းကို အမိုးအကာမဲ့ စုပုံထားရသည့်အတွက် ရာသီဥတုဒဏ်၊ ခြစားသည့်ဒဏ်ကြောင့် ပျက်စီးဆုံးရှုံးမှုနှင့် ရင်ဆိုင်ရသည်။

သစ်သားအဟောင်းဝယ်ယူသူ နည်းပါးသွားသကဲ့သို့ အိမ်အလုံးလိုက် ရောင်းချသူလည်း ၉၀ ရာခိုင်နှုန်းခန့်အထိ ကျဆင်းသွားသည်။

ယခင်က ပျမ်းမျှအားဖြင့် တစ်လလျှင် အိမ်အဟောင်းအလုံး ၂၀ ခန့် ဖျက်ရပြီး လက်ရှိတွင်မူ နှစ်လုံးခန့်သာ ဖျက်ရတော့သည်ဟု အဆိုပါလုပ်ငန်း အချို့ထံမှ သိရသည်။