VMS နှင့် ကင်းမွန်ငါးဖမ်းလှေများ၏ ဒုက္ခ

0
359

ကမ်းဝေးငါးဖမ်းလှေများတွင် တပ်ဆင်ထားသည့် ခြေရာခံစံနစ် (VMS) ကိစ္စနှင့်ပတ်သက်ပြီး အရေးယူဆောင်ရွက်မူ ကြန့်ကြာသဖြင့် လုပ်ငန်းများ ထိခိုက်နစ်နာနေကြောင်း ဒေသခံကမ်းဝေး လုပ်ငန်းရှင်များက ပြောသည်။

ခြေရာခံစံနစ် (VMS)ကို တနင်္သာရီ တိုင်းအတွင်းရှိ ၁၅၀ဝ ကျော် ရှိသည့် ကမ်းဝေးငါးဖမ်းလှေ လှေအားလုံးတွင် တပ်ဆင်ထားပြီး ပင်လယ်ပြင်တွင် ငါး ဖမ်းလျက်ရှိရာ ယင်းစက်အချက်ပြစနစ် ပြတ်တောက်ခြင်းများ လတ်တလော ကြုံနေရကြောင်း ၎င်းတို့က ဆိုသည်။

တဝ ခေါ် ဒေသခံကမ်းဝေး ကင်းမွန် ငါးဖမ်းလှေများသည် ကမ်းမှ ရေမိုင် ၁၀ မိုင်အပြင်ဘက်တွင် ကင်းမွန်ငါးဖမ်း နေရပြီး လှိုင်းလေပြင်းထန်သည့်အတွက် ကမ်းနီးမျဉ်းအတွင်း မကြာခဏဝင် ရောက်မှုဖြစ်ခြင်း၊ ကိုင်တွယ်ရာတွင် လှေသားများနည်းပညာအားနည်းခြင်း ကြောင့် ခြေရာခံစက်များ မကြာခဏ Silence ဖြစ်ကာ အရေးယူခံနေရခြင်းတို့ ရှိလာကြောင်း ၎င်းတို့က ပြောသည်။

ယင်းကြောင့် ငါးဖမ်းရာသီစပြီး တစ်လအတွင်း ကမ်းဝေးငါးဖမ်းလှေ ၁၀ စီးကျော်ခန့် အရေးယူခံရပြီးဖြစ်ကြောင်း ၎င်းတို့က ပြောပြသည်။

ထိုသို့ အရေးယူရာတွင် နေပြည်တော်မှ ဆုံးဖြတ်ချက်ကို စောင့်ဆိုင်းရရာ ရက်များစွာ ကြာသည့်အတွက် လုပ်ငန်းများ ထိခိုက်နစ်နာနေရသည်ဟု လုပ်ငန်းရှင်များက ဆိုသည်။

“ကမ်းဝင်လာပြီး ဆုံးဖြတ်ချက် စောင့်ရတာ အနည်းဆုံးတစ်ပတ် ကနေ ဆယ်ရက်အထိကြာတယ်။ ကျွန်တော်တို့မှာ အများကြီးနစ်နာတယ်” ဟု ကင်းမွန် ငါးဖမ်းလှေ လုပ်ငန်းရှင် ဦးဌေးလှိုင်က ပြောသည်။

အချက်ပြစနစ် ပြတ်တောက်ခြင်းကြောင့် ဒဏ်ရိုက်ခံရမှုမှာ ငွေကျပ် သောင်းဂဏန်းသာရှိသည်။ သို့သော် အချိန်ကြန့်ကြာမှုကြောင့် ကမ်းတွင်နေထိုင်ခြင်း စရိတ်မှာ တစ်နေ့လျှင် အနည်းဆုံး ကျပ်ငါးသိန်းခန့်ရှိပြီး ရက်ကြာသည် နှင့်အမျှ ဆုံးရှုံးမှုများသည်ဟု လုပ်ငန်းရှင် တစ်ဦးဖြစ်သူ ဦးထွန်းဗိုလ်က ဆိုသည်။

“လှေထွက်နိုင်အောင် ချေးငှားပြီး လုပ်နေရသူတွေအတွက် တကယ်ကို အခက်အခဲ ဖြစ်ရတယ်” ဟု ၎င်းက ပြောသည်။

ယခုနှစ် ကင်းမွန်ပေါ်ချိန်တွင် ကိုဗစ် စတင်ဖြစ်ပွားသည့်အတွက် ကင်းမွန် တစ်ဗန်းလျှင် ကျပ် ၁၂၀ဝ၀ဝ ဈေးမှ ကျပ် ၃၅၀ဝ၀ အထိ ဈေးထိုးကျသဖြင့် လုပ်ငန်းရှင်များ အထိနာခဲ့ရကြောင်း ၎င်းတို့က ပြောပြသည်။

ယင်းကိစ္စနှင့် ပတ်သက်ပြီး ဒေသခံ ကမ်းဝေး ကင်းမွန်ငါးဖမ်းလှေများ အသင်းအနေဖြင့် ပြီးခဲ့သည့်ရက်ပိုင်းအတွင်းက အစည်းအဝေးတစ်ခု ပြုလုပ်ခဲ့ကြပြီး ဖြစ်သည်။

“ဒါနဲ့ပတ်သက်ပြီး မြန်မြန်ဆန်ဆန် ဆောင်ရွက်ပေးဖို့ အစိုးရသိအောင်၊ ဌာနသိအောင် တာဝန်ယူပြီး တပ်ဆင်ပေးထားတဲ့ ကုမ္ပဏီလည်းသိအောင် ဒီလို အစည်းအဝေးလုပ်ပြီး ပြောရခြင်းဖြစ်တယ်” ဟု ကင်းမွန်ငါးဖမ်းလှေ လုပ်ငန်း ရှင်အသင်း၏ တွဲဖက်အတွင်းရေးမှူး တစ်ဦးလည်းဖြစ်သူ ဦးဌေးလှိုင်က ပြောသည်။

ကင်းမွန်ငါးဖမ်းခြင်း လုပ်ငန်းကို တစ်နှစ်လျှင် ခုနစ်လခန့်သာ လုပ်ကိုင်ရပြီး တစ်လလျှင် ရက်ပေါင်းနှစ်ဆယ်ခန့်သာ လုပ်ကိုင်ကြရသည်။ ယင်းအပြင် နေ့ဘက်တွင် ရပ်နားထားရပြီး ညဘက်တွင်သာ မီးထွန်းပြီးဖမ်းရသည့် လုပ်ငန်း ဖြစ်သည်။

မြိတ်ခရိုင်အတွင်း ဒေသခံကမ်းဝေး ကင်းမွန်ငါးဖမ်းလှေအစီး ၃၀ဝ ကျော် ရှိကြောင်း မြိတ်ခရိုင်ကင်းမွန်ငါးဖမ်း လုပ်ငန်းရှင်များအသင်း ထံမှသိရသည်။

ကိုဆန်း