ဆိုင်ထိုင်ရောင်းသည့် လက်ဖက်ရည်ဆိုင်လေးဆိုင်ကို အရေးယူ

0
178
Dawei Watch, Dawei News, Dawei News Media

ကိုဗစ်ကာလအတွင်း ဆိုင်ထိုင် ရောင်းချနေသည်ဟုဆိုကာ ထားဝယ်မြို့ရှိ လက်ဖက်ရည်ဆိုင်လေးဆိုင်အား မြို့နယ်စည်ပင်သာယာရေးကော်မတီ က အရေးယူလိုက်ကြောင်း နိုဝင်ဘာလ ၂၆ ရက်က ထုတ်ပြန်လိုက်သည်။

မြို့နယ်စည်ပင်သာယာရေးကော်မတီဝင်များ ကွင်းဆင်းစစ်ဆေးချက်အရ ဆိုင်ထိုင်ရောင်းနေသည်ကိုတွေ့ရှိခဲ့သဖြင့် ဆိုင်ရောင်းချခွင့် သုံးရက်စီ ပိတ်ပင် အရေးယူလိုက်ခြင်းဖြစ်ကြောင်း ထုတ်ပြန် ချက်တွင်ဖော်ပြထားသည်။

တိုင်းလွှတ်တော်တွင် အမျိုးသမီးရေးရာကော်မတီ ဖွဲ့စည်းပေးရန်တောင်းဆို

“ဝန်ထမ်းတွေနဲ့ သွားပြီးစစ်ဆေးတဲ့အခါမှာ ဆိုင်ထိုင်စားသောက်နေတာ ‌စစ်ဆေးတွေ့ရှိရပါတယ်။ ဒါကြောင့် မနေ့က နိုဝင်ဘာလ ၂၅ ရက်မှာ သူတို့ကို ရုံးခေါ်ပြီး ရှင်းပြပါတယ်။ သူတို့ (အရေးယူခံရတဲ့ဆိုင်တွေ) ကလည်း လက်ခံပါတယ်” ဟု ထားဝယ်မြို့နယ် စည်ပင်သာယာရေးကော်မတီအတွင်း ရေးမှူး ဦးသက်ထွန်းစံက ဆိုသည်။

ယင်းသို့အရေးယူခံရသူများအနက် အချို့မှာ ဆိုင်ထိုင်ရောင်းနေခြင်းမျိုးမဟုတ်ဘဲ ပါဆယ်ဖြင့်လာဝယ်သူများ ဆိုင်အတွင်းထိုင်စောင့်နေသည်ကို စည်ပင်ဝန်ထမ်းတို့မှ မှတ်တမ်း ဓာတ်ပုံရိုက်ပြီး အရေးယူခံလိုက်ရခြင်းဖြစ်ကြောင်း အရေးယူခံလိုက်ရသည့် လက်ဖက်ရည်ဆိုင်ပိုင်ရှင် ဦးသန်းဇော် က ဆိုသည်။

ဦးသန်းဇော်ကဲ့သို့ အခြားအရေး ယူခံရသူတို့ကလည်း ဆိုင်သုံးရက်ပိတ် လိုက်သည့်အပေါ် တစ်စုံတစ်ရာ စောဒက တက်သည်မရှိဘဲ အရေးယူခြင်းကို လက်ခံနိုင်ကြောင်း ပြောဆိုကြသည်။

“ဥပ‌ဒေအရ အရေးယူဆောင်ရွက်ခြင်းအပါ်မှာ ကျွန်တော်တို့ ဘာမှပြော စရာမရှိပါဘူး။ နိုင်ငံသားတစ်ယောက်အနေနဲ့ လိုက်နာရမှာပါပဲ” ဟု အရေးယူ ခံလိုက်ရသူ လက်ဖက်ရည်ပိုင်ရှင် ဦးသန်းဇော်က ပြောသည်။

လက်ဖက်ရည်ဆိုင်များအား စည်းကမ်းချက်များနှင့်အညီဆိုင်ထိုင်ရောင်းချခွင့်ပြုနိုင်ရေး ထားဝယ်စည်ပင် သာယာရေး ကော်မတီက ဆောင်ရွက်နေကြောင်း ဦးသက်ထွန်းစံက ဆိုသည်။

ထားဝယ်မြို့နယ်အတွင်းရှိ စားသောက်ဆိုင်၊ လက်ဖက်ရည်ဆိုင် ၄၂၃ ဆိုင်အနက် ၄၄ ဆိုင်အား စည်းကမ်းချက်နှင့်အညီ ဆိုင်ထိုင် ဖွင့်လှစ်ခွင့်ပြုနိုင်ရေးအတွက် စီစစ်ဆောင်ရွက်နေကြောင်း မြို့နယ်စည်ပင် သာယာရေးကော်မတီထံမှ သိရသည်။

ထားဝယ်မြို့တွင် သတ်မှတ် စည်းကမ်းချက်များကို ဖောက်ဖျက်သဖြင့် စည်ပင်သာရေးကော်မတီက အရေးယူခဲ့သည့်ဖြစ်စဉ် အနည်းဆုံး ၁၀ ခုခန့်ရှိပြီဖြစ်သည်။

ဟိဏ်းဇော်