မြန်မာ-ထိုင်းနယ်စပ်ရှိရွာသို့ဆက်ရန်လမ်းအတွက် ကျပ်သန်းတစ်ရာကျော် လျာထား

0
244

မြန်မာ-ထိုင်းနယ်စပ်ရှိ မြိတ်ခရိုင်၊ တနင်္သာရီမြို့နယ်၊ ချောင်းလမုကျေးရွာအုပ်စု အေးမွန်သာရွာ (ခေါ်)ချောင်ချိ ကျေးရွာသို့ ဆက်သွယ်မည့် လမ်းအတွက် ကျပ်သန်းတစ်ရာကျော် လျာထားကြောင်း တနင်္သာရီတိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီး ဦးအောင်သူရ က ပြောကြားသည်။

တနင်္သာရီတိုင်းဒေသကြီးလွှတ်တော် ပုံမှန်အစည်းအဝေးတွင် တနင်္သာရီ မဲဆန္ဒနယ်အမှတ် ၂ မှ ကိုယ်စားလှယ် ဦးရဲမြင့်ဆွေ၏ မေးခွန်းအား ဖြေဆိုရာတွင် အထက်ပါကဲ့သို့ ပြောကြားခဲ့ခြင်း ဖြစ်သည်။

မြိတ်ခရိုင် ၈၈ မျိုးဆက်က ရွေးကောက်ပွဲဆိုင်ရာ အသိပညာပေးဆွေးနွေး

အေးမွန်သာရွာ ( ခေါ်) ချောင်ချိနှင့် ဘုတ်ပြင်းမြို့နယ်၊ ပြည်ကြီးမဏ္ဍိုင်မြို့သို့ ဆက်သွယ်မည့်လမ်းအား လမ်းဦးစီးဌာနမှ နှစ်စဉ်ဘဏ္ဍာရန်ပုံငွေ ထည့်သွင်းလျာထားပြီး ဆောင်ရွက်ပေးရန် အစီအစဉ် ရှိ/ မရှိ သိရှိလိုကြောင်း တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးရဲမြင့်ဆွေက မေးမြန်းခဲ့ခြင်း ဖြစ်သည်။

အဆိုပါ လမ်းအားဖောက်လုပ်နိုင်ရန်အတွက် လမ်းဦးစီးဌာနအနေဖြင့် ၂၀၂၀-၂၀၂၁ ခု ဘဏ္ဍာရေးနှစ်၊ တိုင်းဒေ သကြီးငွေလုံးငွေရင်း ရန်ပုံငွေအစီအစဉ်တွင် ကျပ် ၁၂၃ သန်းကျော် လျာထားခဲ့ပြီးဖြစ်ကြောင်း ဝန်ကြီး ဦးအောင်သူရက ပြန်လည်ဖြေကြားသည်။

မွန်တိုင်းရင်းသားလူမျိုးအများစု နေထိုင်ကြသည့် အေးမွန်သာရွာသည် လမ်းပမ်းဆက်သွယ်ရေး အန်မတန် ခက်ခဲသဖြင့် မောတောင်နယ်စပ်ဂိတ် တစ်ဖက်ရှိ ထိုင်းနိုင်ငံ၊ ပရာကျွတ်မြို့အား ဖြတ်သန်းသွားလာရခြင်းနှင့် ပြည်ကြီး မဏ္ဍိုင်မြို့လမ်းခွဲမှ ဝင်ရောက်ပြီး ၂၃ မိုင်အရောက်တွင် တောလမ်းမှတစ်ဆင့် ဖြတ်သန်းသွားလာရကြောင်း လွှတ်တော် ကိုယ်စားလှယ် ဦးရဲမြင့်ဆွေက ပြောပြသည်။

“စားနပ်ရိက္ခာလည်း ယိုးဒယား (ထိုင်း)ကိုမှီခိုနေရတယ်” ဟု ၎င်းက ပြောသည်။

အဆိုပါလမ်းဖောက်လုပ်ရန် လျာထား ရန်ပုံငွေဖြင့် တစ်ကီလိုမီတာ (ပေ သုံးထောင်ကျော်)နှင့် ၁၂ မီတာ(ပေလေးဆယ် နီးပါး) အကျယ်အား မြေသားလုပ်ငန်း၊ မိုင်းချေးခင်းကြိတ်ခြင်း၊ ကျောက်လမ်း ခင်းခြင်းလုပ်ငန်းများနှင့် သင့်တော်မည့် လမ်းအူကြောင်းရှာဖွေကာ လမ်းပုံစံ ဒီဇိုင်း တိုင်းတာပုံထုတ်ခြင်းလုပ်ငန်းများအား ဆောင်ရွက်သွားမည်ဖြစ်ကြောင်း လျှပ်စစ်ဝန်ကြီး ဦးအောင်သူရက ဆိုသည်။

ထို့ပြင် နှစ်အလိုက် ဘဏ္ဍာရန်ပုံ ငွေများလျာထား တင်ပြတောင်းခံသွားမည်ဖြစ်ကာ ရန်ပုံငွေရရှိမှုအပေါ် ဆက်လက် ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း ၎င်းက ဖြေကြားခဲ့သည်။

မြင့်မိုရ်(မြိတ်)