အုပ်ချုပ်မှုညံ့ဖျင်းသည့်အတွက် တနင်္သာရီတိုင်း ထင်သလောက် မတိုးတက်ဟု ဒေါက်တာညိုညိုသင်း ပြော

0
870

အုပ်ချုပ်မှုဆိုင်ရာစီမံခန့်ခွဲမှုများ ညံ့ဖျင်းသည့်အတွက် တနင်္သာရီတိုင်းသည် တိုးတက်သင့်သလောက် မတိုးတက်ခြင်းဖြစ်သည်ဟု ဒေါက်တာညိုညိုသင်းက ပြောသည်။

တနင်္သာရီတိုင်းဒေသကြီးသည် သယံဇာတများ ပေါများသော်လည်း ဒေသန္တရအုပ်ချုပ်ရေးဆိုင်ရာ ညံ့ဖျင်းသည့်အတွက် ယခုအရပ်သားအစိုးရ လက်ထက်တွင် တိုးတက်သင့်သလောက် မတိုးတက်ဖြစ်သလို ယင်းမှာ ဝန်ကြီးချုပ် ဒေါက်တာလဲ့လဲ့မော် အရေးယူခံရမှုနှင့်လည်း ဆက်စပ်နေပြီး အဆိုပါဖြစ်စဉ်ကြောင့် အုပ်ချုပ်ရေးပိုင်းဆိုင်ရာ ဆုံးဖြတ် ချက်ချရာတွင် နှောင့်နှေး ကြန့်ကြာသွားခြင်း၊ စီမံကိန်းနှင့် စီးပွားရေးလုပ်ငန်းအချို့ တုံ့ဆိုင်းသွားခြင်းကြောင့် ဖြစ်သည်ဟု ဒေါက်တာညိုညိုသင်းက ဆိုသည်။

ကိုဗစ်ရောဂါ စစ်နိုင်သည့် စက်သုံးလုံး တနင်္သာရီတိုင်းတွင် တပ်ဆင်မည်

တနင်္သာရီတိုင်းကို “ဒီလောက် ချမ်းသာတဲ့တိုင်း” ဟု ၎င်းက သုံးနှုန်းသွားခဲ့ပြီး အုပ်ချုပ်ရေးစနစ်ကြောင့် ပြည်သူ လူထုအနေနှင့် တိုးတက်သင့်သလောက် မတိုးတက်ခဲ့ဟု ဆိုသည်။

ယင်းအပြင် တိုင်းအတွင်း မဖြေရှင်းနိုင်သေးသည့် မြေယာပြဿနာများ၊ အလုပ်လက်မဲ့ ပြဿနာများ၊ တရား ဥပဒေစိုးမိုးရေးအားနည်းနေမှု စသည့် ပြဿနာအများအပြားရှိနေပြီး ယင်းကိစ္စရပ်များကို ဖြေရှင်းပေးနိုင်ရေးအတွက် လာမည့်ရွေးကောက်ပွဲအတွက် တနင်္သာရီတိုင်းမှ ဝင်ရောက်ယှဉ်ပြိုင်ရန် ဆုံးဖြတ်ခဲ့ခြင်းဖြစ်သည်ဟု ၎င်းက ဆိုသည်။

“အလားအလာရှိပြီး တိုးတက် သင့်သလောက် မတိုးတက်သည့်အတွက် မြန်မာ့နိုင်ငံရေးစာမျက်နှာမှာ မြှင့်တင်ဖို့ ရည်ရွယ်ပြီးတော့ ရွေးချယ်ခဲ့ရတယ်” ဟု ၎င်းက ပြောသည်။

နယ်စပ်ခိုးဝင်သူနှင့် KTV ခိုးဖွင့်သူတို့ကို အစိုးရ တင်း

ဒေါက်တာညိုညိုသင်း၏ ပြောဆိုမှုနှင့် ပတ်သက်ပြီး နိုင်ငံရေးလေ့လာသူ မြိတ်ဒေသခံ ဦးဝင်းအောင်ကမူ လုပ်ပိုင်ခွင့် ရှိကြသည့်သူတချို့ အဂတိတရားများ ကင်းစင်မှု မရှိကြသည့်အတွက် အချို့နေရာများ၌ လုပ်ကိုင်ဆောင်ရွက်မှုများ၊ နှောင့်နှေးကြန့်ကြာမှုများ ဖြစ်ခဲ့ရသည် ကို မြင်တွေ့နေရကြောင်း ဆိုသည်။

“သူပြောတာ အားလုံးက မမှန်ဘူးပေါ့။ တချို့တစ်ဝက်ကတော့ လက်ခံလို့ရတဲ့ အနေအထား ဖြစ်နေတယ်” ဟု ၎င်းက ပြောသည်။

ဒေါက်တာညိုညိုသင်းသည်တစ်သီးပုဂ္ဂလအဖြစ် တနင်္သာရီတိုင်းဒေသကြီး၊ အမျိုးသားလွှတ်တော် မဲဆန္ဒနယ် အမှတ် ၉ နယ်မြေမှ ယှဉ်ပြိုင်ရန် စာရင်းပေးသွင်းထားသည်။

မှတ်ပုံတင်တွင် ထားဝယ်လူမျိုးဟု တပ်ခွင့်ရတော့မည်လေ

ယင်းမဲဆန္ဒနယ်သည် တနင်္သာရီမြို့နယ်ဖြစ်ပြီး လက်ရှိတနင်္သာရီတိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှ ဦးရဲမြင့်ဆွေ ထပ်မံဝင်ရောက် ယှဉ်ပြိုင်မည့် နေရာလည်း ဖြစ်သည်။

ဒေါက်တာညိုညိုသင်းသည် ၂၀၁၀ ရွေးကောက်ပွဲတွင် ဒီမိုကရက်တစ်ပါတီ (မြန်မာ)မှ ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ်အဖြစ် ဝင်ရောက် ယှဉ်ပြိုင်ခဲ့ပြီး အနိုင်ရရှိခဲ့သည်။ ယင်းအပြင် ၂၀၁၃ ခုနှစ်မှ စတင်ကာ တစ်သီးပုဂ္ဂလအဖြစ် ရပ်တည်ခဲ့ပြီး နိုင်ငံရေး တက်ကြွလှုပ်ရှားသူအဖြစ် ရပ်တည်နေခဲ့သည်။ ၂၀၁၅ ခုနှစ်တွင် တစ်သီး ပုဂ္ဂလအဖြစ် ဝင်ပြိုင်ခဲ့သော်လည်း အနိုင် မရခဲ့ပေ။

ကိုဆန်း