အချိန်ကောင်း

0
722
editorial

ကိုဗစ်အလွန် မြန်မာ့စီးပွားရေးကို နယ်သာလန်၊ နယူးဇီလန်တို့ကဲ့သို့ လယ်ယာထွက်ကုန် တင်ပို့ရောင်းချသောနိုင်ငံအဖြစ် အခြေတည်ရန် စဉ်းစားနေကြောင်း မြန်မာနိုင်ငံ၏ ခေါင်းဆောင်အချို့ စတင်ဖွင့်ဟလာပြီဖြစ်သည်။

မြန်မာနိုင်ငံသည် စိုက်ပျိုးရေးနိုင်ငံဖြစ်ကြောင်း၊ တောင်သူဦးကြီးများသည် ကျေးဇူးရှင်များဖြစ်ကြောင်း အစိုးရအဆက်ဆက် ကြွေးကြော်ခဲ့သည်။ သို့သော် မြေယာပြဿနာ ဖြစ်ပွားလေ့ရှိသည့် အချိန်တိုင်း လယ်သမားများသည်သာ ရှုံးတတ်သည်၊ မြေသိမ်းယာသိမ်းကိစ္စများဖြစ်ပွားတိုင်း လယ်သမားများသည်သာ နင်းပြား ဖြစ်နေဆဲဖြစ်သည်။

ကိုဗစ်ကပ်ဘေးသည် တစ်ကမ္ဘာလုံးရှိ လူမှုစီးပွားအခင်းအကျင်းကို တပ်လှန့် လိုက်သည်။ ကမ္ဘာကြီးသာ ပိုနေမြဲ ကျားနေမြဲအတိုင်း ဆက်သွားပါက များမကြာမီ ကပ်ဘေးများ ခပ်စိပ်စိပ်ရောက်လာပြီး ပျက်စီးခြင်းနွံအတွင်း ဆင်းသွားနိုင်ကြောင်း သတိပေးသံများ ညံလာပြီ ဖြစ်သည်။

ကပ်ဘေးကြောင့် နိုင်ငံစုံ ကော်ပိုးရေးရှင်းကြီးများ အထိနာခဲ့သည်။ ယင်းတို့ကို မှီခိုထားသော စီးပွားရေး အဆောက်အအုံတစ်ခုလုံး သွေးလန့်သွားသည်။ ယင်းတို့နှင့် လွတ်ကင်းသော ဒေသဆိုင်ရာအခြေပြု စီးပွားရေးအဆောက်အအုံတို့မှာ များစွာ ထိခိုက်မှု မရှိလှသည်ကို တွေ့ရသည်။

ထိုကြောင့် အနာဂတ်တွင် လာလတ္တံ့သော ကပ်ဘေးများကို ကြံ့ကြံ့ခံနိုင်ရန် လုပ်ကွက်ငယ် လယ်ယာသမားတို့ကို ပိုမိုအခြေပြုဦးသော စီးပွားရေးပုံစံ တည်ဆောက်ရေး၊ လူသားတို့၏ ကျန်းမာရေးအတွက် မရှိမဖြစ် လိုအပ်သော စားသောက်ကုန်ထုတ်လုပ်ရေး၊ လယ်ယာထွက်ကုန် ထုတ်လုပ်ရေးကို အခြေပြုသော စီးပွားရေး ပုံစံဖြစ်ရေး အလေးပေးပြောဆိုလာကြပြီဖြစ်သည်။

သို့သော် ကံမကောင်း အကြောင်းမလှစွာပင် ယခုအခါ တနင်္သာရီတိုင်းအတွင်း သီးနှံဈေးနှုန်းများ အဝီစိအထိ ထိုးဆင်းနေပြီး သီးနှံစိုက် လယ်သမားများ ညည်းတွားလျက်ရှိသည်။ ယင်းကြောင့် သီးနှံများ ဆက်လက်စိုက်ပျိုးရန် စိတ်အား ထက်သန်မှု ကျဆင်းပြီး များမကြာသောအချိန်တွင် သီးနှံများ ရှားပါးဈေးတက် လာနိုင်သည်။ ရေရှည်တွင် သီးနှံလယ်ယာထွက်ကုန် လုပ်ငန်းကျဆင်းလာပြီး ထပ်ဆင့် ဆိုးကျိုးများလာနိုင်သည်။

ထိုသို့ ဖြစ်လာပါက ကိုဗစ်အလွန် မြန်မာ့စီးပွားရေးကို လယ်ယာထွက်ကုန် တင်ပို့ရောင်းချသည့် စီးပွားရေး ပုံစံစိတ်ကူးမှာ စိတ်ကူးသက်သက်မျှသာဖြင့် အဆုံးသတ်သွားနိုင်သည်။

ယခုအချိန်သည် ကိုဗစ်ချေးငွေဒုတိယအသုတ်အဖြစ် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ရေထွက်ပစည်း ထုတ်လုပ်သည့် လုပ်ငန်းများကို ထုတ်ချေးတော့မည်ဖြစ်သည်။

ယင်းကို အခွင့်ကောင်းယူကာ ကျဆင်းနေသော လယ်ယာသီးနှံစိုက်ပျိုးရေး လုပ်ငန်းပြန်လည် ဦးမော့လာရေး၊ လယ်သမားများ မျှော်လင့်ချက် ရောင်ခြည် သန်းလာရေး ဦးစားပေးသင့်ပါကြောင်း၊ ယင်းကို အကျိုးရှိရှိအသုံးချသင့်ပါကြောင်း အလေးအနက် ဖော်ပြလိုပါသည်။

အယ်ဒီတာ (သြဂုတ် ၁၊ ၂၀၂၀)