တနင်္သာရီတိုင်းတွင် မိုးကြီးမည်

0
401

တနင်္သာရီတိုင်းတွင် နေရာစိပ်စိပ်မှ နေရာအနှံ့အပြား မိုးထစ်ချုန်းရွာနိုင်ပြီး ဒေသအလိုက် မိုးကြီးခြင်းနှင့် နေရာကွက်၍ မိုးကြီးခြင်းများဖြစ်ပေါ်နိုင်ကြောင်း မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာန၏ ထုတ်ပြန်ချက်အရ သိရသည်။

တောင်တရုတ်ပင်လယ်ပြင်တွင် ဖြစ်ပေါ်နေသော အပူပိုင်းမုန်တိုင်းငယ်၏ အကြွင်းအကျန် တိမ်တိုက်များ ဖြတ်သန်းလာနိုင်မှုကြောင့်လည်းကောင်း၊ ကပ္ပလီပင်လယ်ပြင်နှင့် ဘင်္ဂလားပင်လယ်အော်တို့တွင် မုတ်သုန်လေအားကောင်းရာမှ အားအလွန်ကောင်းနေခြင်းကြောင့် နေရာကွက်၍ မိုးကြီးနိုင်ခြင်း ဖြစ်သည်။

သြဂုတ်လ ၃ ရက်နေ့မှ ၈ ရက်နေ့အထိ တနင်္သာရီတိုင်းအပါအဝင် တိုင်းနှင့် ပြည်နယ် ရှစ်ခုတို့တွင် နေရာစိပ်စိပ်မှ နေရာအနှံ့အပြား မိုးထစ်ချုန်းရွာပြီး ဒေသအလိုက် မိုးကြီးခြင်းနှင့် နေရာကွက်၍ မိုးကြီးခြင်းများ ဖြစ်ပေါ်နိုင်ပြီး ၂၄ နာရီအတွင်း မိုးရေချိန် သုံးလက်မ(၇၇-မီလီမီတာ)နှင့်အထက် ရွာသွန်းနိုင်သည်ဟု ထုတ်ပြန်ချက်က ဆိုသည်။

ဘင်္ဂလားပင်လယ်အော်တွင် လေဖိအားနည်းရပ်ဝန်း တစ်ကြိမ်ဖြစ်ပေါ်နိုင်ပြီး ပိုမိုအားကောင်းလာကာ မုန်တိုင်းငယ်အဖြစ်သို့ ရောက်ရှိနိုင်သည်ဟုလည်း သြဂုတ်လ ၁ ရက်နေ့တွင် ထပ်မံထုတ် ပြန်ထားသည်။

အနောက်တောင်မုတ်သုန်လေသည် ကပ္ပလီပင်လယ်ပြင်နှင့် ဘင်္ဂလားပင်လယ်အော်တို့တွင် အားကောင်းနိုင်သည်ဟု ခန့်မှန်းထားပြီး သြဂုတ်လ ၁၀ ရက်ပတ်ထုတ်ပြန်ချက်အရ တနင်္သာရီတိုင်းတွင် အများဆုံးကိုးရက်ခန့်အထိ မိုးထစ်ချုန်းရွာနိုင်သည်။

သြဂုတ်လတွင် တစ်တိုင်းလုံးအနေအထားအရ မိုးရွာရက် ၂၆ ရက်ခန့် ရှိနိုင်သော်လည်း မိုးရေချိန်လက်မ သုံးလက်မမှ လေးလက်မခန့်သာ ရှိနိုင်သည်ဟု တနင်္သာရီတိုင်း မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမှ တိုင်းဦးစီးမှူး ဦးကျော်မိုးခိုင်က ပြောသည်။

ထားဝယ်မြစ်ကူးတံတား အသစ်အတွက် ငွေကျပ် သန်းတစ်ထောင် သုံးမည်

မကြာမီရက်များအတွင်း မိုးကြီးနိုင်သည်ဟုဆိုသော်လည်း ယခုနှစ်မိုးရာသီသည် ယခင်နှစ်များနှင့်နှိုင်းစာပါက မိုးနည်းလျက်ရှိပြီး တနင်္သာရီတိုင်းအတွင်းက တောင်သူများအနေနှင့်လည်း မိုးကိုမျှော်လျက် ရှိကြသည်။

“ဒီနှစ်မှာတော့ မိုးအပါးဆုံးနှစ်ပဲဆိုပြောရမှာပဲ။ အခုတောင် မုန်တိုင်း ဝင်နေလို့သာ မိုးရှိနေသေးတယ်။ တကယ်ဆို မိုးမရှိဘူး။ တစ်နေ့လောက်လာပြီးရင် လေးငါးရက်လောက်၊ ကိုးရက် ဆယ်ရက်လောက် မျှော်နေရတယ်မိုးကို။ မျှော်နေရတယ်ဆိုတော့ ရေက ခြောက်ခြောက်ခမ်း သွားတယ်” ဟု စောမိညိုရပ်ကွက်မှ လယ်ပိုင်ရှင်ဒေါ်မီးငယ်က ပြောသည်။

ယခုနှစ်တွင် မိုးနည်းသဖြင့် စပါးပင်များအတွက် မိုးမျှော်နေရသော်လည်း မိုးကြီးနိုင်သည်ဆိုသည့် သတင်းကြားရသဖြင့် စပါးပင်များရေထပ်မြုပ်မည်ကိုလည်း စိုးရိမ်နေရသည်ဟု ဒေါ်မီးငယ်က ပြောသည်။ ယခင်နှစ်များကလည်း မိုးကြီးသဖြင့် စပါးအထွက်နှုန်းကို ထိခိုက်ခဲ့ရသည်။ မိဘလက်ထက်ကတည်းက လယ်လုပ်ငန်းကိုသာ လုပ်စားလာသဖြင့် လယ်ယာအလုပ်ကို လုပ်ကိုင်နေသော်လည်း စပါးပင်များရေနစ်မြုပ်မှုကြောင့် နှစ်စဉ်အရှုံးပေါ်နေသည်ဟု သူမက ဆိုသည်။

မိုးမြင့်