တိုင်းအစိုးရအား ပိုထိန်းကျောင်းနိုင်ရန် တိုင်းလွှတ်တော်အတွက် အဓိကဝင်ပြိုင်ခြင်းဖြစ်ဟု ထားဝယ်ပါတီဆို

0
563

ထားဝယ်တိုင်းရင်းသားများပါတီအနေဖြင့် ၂၀၂၀ ရွေးကောက်ပွဲတွင် တိုင်းဒေသကြီးလွှတ်တော် မဲဆန္ဒနယ်များတွင်သာ ဝင်ရောက်ယှဉ်ပြိုင်ရန် ကြေညာထားပြီး ယင်းသို့ ရွေးချယ်ရခြင်းမှာ တိုင်းအစိုးရအား ထိန်းကျောင်းရာတွင် ပိုမိုအားကောင်းစေရန်ဆိုသည့် အချက်တစ်ခုလည်း အပါအဝင်ဖြစ်ကြောင်း ယင်းပါတီဥက္ကဋ္ဌ ဦးအေးမင်းက ပြောသည်။

၂၀၁၅ ရွေးကောက်ပွဲအလွန်ကာလ အတွေ့အကြုံအရ တိုင်းလွှတ်တော်အတွင်း ပါတီတစ်ခုတည်းမှ လွှတ်တော်ကိုယ်စားလှယ်များသာရှိနေခြင်းက တိုင်းအစိုးရကို ထိန်းကျောင်းရာတွင် အားနည်းချက်ရှိခဲ့ကြောင်း ဦးအေးမင်းက ပြောသည်။

“လွှတ်တော်ထဲမှာ အသံတွေစုံဖို့လိုမယ်။ တစ်နည်းအားဖြင့် တိုင်းလွှတ်တော်ထဲမှာ ပါတီစုံမယ်ဆိုရင် တိုင်းအစိုးရကို အရင်တုန်းကထက် ထိန်းကျောင်းပေးနိုင်မယ်လို့လည်း ယုံကြည်တယ်။ ဒါကြောင့် တိုင်းဒေသကြီးတစ်ခုတည်းကို ဝင်ပြိုင် ရခြင်းဖြစ်တယ်” ဟု ဦးအေးမင်းက ပြောသည်။

ထားဝယ်တိုင်းရင်းသားများပါတီသည် ၂၀၁၅ ရွေးကောက်ပွဲတွင် လွှတ်တော် အသီးသီးကို ကိုယ်စားလှယ် ၁၃ ဦးဖြင့် ဝင်ရောက်ယှဉ်ပြိုင်ခဲ့သော်လည်း လာမည့် ၂၀၂၀ ရွေးကောက်ပွဲအတွက်မူ တိုင်းလွှတ်တော်မဲဆန္ဒနယ်များတွင်သာ ဝင်ရောက်ယှဉ်ပြိုင်တော့မည်ဖြစ်ပြီး ဝင်ရောက်ယှဉ်ပြိုင်မည့် ကိုယ်စားလှယ်လောင်း ရှစ်ဦးကို ဇူလိုင်လ ၃၁ ရက်က ထုတ်ပြန်ကြေညာခဲ့သည်။

၂၀၁၅ ရွေးကောက်ပွဲတွင် ထားဝယ်တိုင်းရင်းသားများပါတီ ဥက္ကဌ ဦးအေးမင်း ကိုယ်တိုင် ဝင်ရောက်အရွေးချယ်ခံခဲ့သော်လည်း လာမည့်ရွေးကောက်ပွဲတွင်မူ ရွေးကောက်ပွဲကာလ အောင်နိုင်ရေးလုပ်ငန်းကို ပိုမိုအားစိုက် ဆောင်ရွက်နိုင်ရန်ဟုဆိုကာ ဝင်ရောက်ယှဉ်ပြိုင်ခြင်း မပြုတော့ပေ။

တနင်္သာရီတိုင်းအတွင်း အခြေစိုက် ရုံးခန်းဖွင့်လှစ်ထားသည့် ပါတီ ၁၂ ပါတီ ရှိသည်။

ကျော်သူစိုး