အခြေခံကျောင်းများတွင် ထားဝယ်စာသင်ကြားရေး အဆင့်လေးဆင့် ဖြတ်ရန် ကျန်

0
1368

ထားဝယ်စာပေအား အခြေခံပညာ မူလတန်းအဆင့်တွင် သင်ကြားနိုင်ရန်မှာ အဆင့်လေးဆင့်ကို ဖြတ်ရန်ကျန်နေသေးကြောင်း ထားဝယ်စာပေနှင့် ယဉ်ကျေးမှု ဗဟိုကော်မတီထံမှ သိရသည်။

မူလတန်းအဆင့်ဖြစ်သော KG ၊ ပထမတန်း၊ ဒုတိယတန်းတို့တွင် သင်ကြားမည့် ထားဝယ်စာဖြင့် ရေးသားထားသော ဒေသန္တရ သင်ရိုးညွန်းတမ်းသည် ယခင် အစိုးရလက်ထက်ကတည်းက ရေးဆွဲထားခြင်းဖြစ်ကြောင်း အထက်ပါကော်မတီအတွင်းရေးမှူး ဦးတင့်လွင်က ပြောသည်။

ဆိုပါသင်ရိုးညွန်တမ်းပါစာများကို ထားဝယ်စာပေနှင့် ယဉ်ကျေးမှုကော်မတီက သဒ္ဒါပိုင်း ပြင်ဆင်ပြီး တိုင်းအစိုးရအဖွဲ့ လူမှုရေးနှင့် စည်ပင်သာယာရေးဝန်ကြီး ဦးဆောင်သည့် ‌‌ဒေသန္တရသင်ရိုးညွန်းတမ်း ပြုစုရေးကော်မတီသို့ တင်ပြထားကြောင်း ၎င်းက ပြောသည်။

ကိုဗစ်ကပ်ဘေး အကြား သစ်ခိုးထုတ်မှု

သဒ္ဒါပိုင်းပြင်ဆင်ပြီး တင်ပြထားသည်တို့ကို ကန့်ကွက်ရန်မရှိကြောင်း ‌‌ဒေသန္တရသင်ရိုးညွန်းတမ်း ပြုစုရေးကော်မတီ ဥက္ကဋ္ဌဝန်ကြီး ဦးဟိုပင်က ပြောသည်။


“တို့ဘက်ကတော့ ကန့်ကွက်ရန် မရှိဆိုပြီး ပြောလိုက်ပြီးပြီ” ဟု ၎င်းက ပြောသည်။

သို့သော် တိုင်းအစိုးရအဖွဲ့ထောက်ခံချက်၊ ယင်းမှတစ်ဆင့် နေပြည်တော်ရှိ ပညာရေးနှင့်ဆိုင်သည့် ကော်မတီနှစ်ရပ်၊ ထိုမှတဆင့် ပညာရေးဝန်ကြီးဌာနစသည့် အဆင့်လေးဆင့်ကို အဆင့်ဆင့်တင်ပြ ထောက်ခံချက်ရရှိမှ ထားဝယ်စာကို မူလတန်းကျောင်းတွင် သင်ခွင့်ရမည်ဖြစ်သည်။

“ဒီနှစ်ပညာသင်နှစ်မှာတော့ သင်နိုင်မှာမဟုတ်သေးဘူး” ဟု ဦးတင့်လွင်က ဆိုသည်။

ယင်းအဆင့်လေးဆင့်ကို ကျော်ဖြတ်ပြီး စာသင်ခွင့်ရရှိပါက ထားဝယ်စာသင်မည့် ဆရာ၊ ဆရာမ ခန့်ထားရေးကိစ္စကို တိုင်းအစိုးရက စီစဉ်ပေးရမည်ဖြစ်ကြောင်း ဝန်ကြီးဦးဟိုပင်က ပြောသည်။

တိုင်းအတွင်း ထားဝယ်အပါအဝင် ဆလုံ၊ ကရင်တိုင်းရင်းသားစာပေသုံးခုကို အခြေခံကျောင်းများတွင် သင်ခွင့်ရရေး ဆောင်ရွက်လျက်ရှိပြီး ကရင်စာပေတစ်မျိုးမှာ ဆရာခန့်ထားရေးအဆင့်သို့ ရောက်နေပြီဖြစ်ကြောင်း ၎င်းက ပြောသည်။

ကျော်သူစိုး