ကြောင်မှတစ်ဆင့် ကူးစက်နိုင်သောရောဂါ

0
1864

ကြောင်မှတစ်ဆင့် ကူးစက်နိုင်သော ရောဂါ(Toxoplasmosis ရောဂါ) သည် Toxoplasma gondii ကပ်ပါးပိုးကြောင့်ဖြစ်သော တိရစ္ဆာန်များမှ လူသို့ကူးစက် သောရောဂါတစ်မျိုး ဖြစ်သည်။ Toxo-plasmosis ရောဂါကြောင့် ကိုယ်ဝန် ဆောင်မိခင်များနှင့် အကြောင်းအမျိုးမျိုးကြောင့် ခုခံအားကျဆင်းနေသူများတွင် ပြင်းထန်သော နောက်ဆက်တွဲ ကျန်းမာရေးဆိုးကျိုးများစွာ ခံစားရစေနိုင်ပါသည်။

ရောဂါကူးစက်နိုင်သော နည်းလမ်းများမှာ- ကြောင်မစင်(သို့မဟုတ်) အဆိုပါ မစင်တွင်ပါဝင်သော မြေကြီး အား ကိုင်တွယ်ထားသော လက်၊ အသားစိမ်းများကို ကိုင်တွယ်ထားသော လက်တို့ဖြင့် အစားအသောက်များကို လက်မဆေးဘဲ ကိုင်တွယ်စားသုံးမိခြင်း၊ ကျက်အောင်မချက်ထားသော အသားများနှင့် ပင်လယ်စာများ စားခြင်း၊ ကပ်ပါး ပိုးပါဝင်သည့် မသန့်ရှင်းသောရေအား သောက်သုံးခြင်း၊ ကိုယ်ဝန်ဆောင်များတွင် မိခင်မှ သန္ဓေသားသို့ ကူးစက်ခြင်း၊ ကိုယ်လက်အင်္ဂါ အစားထိုးခြင်းနှင့် သွေးသွင်းခြင်းမှတဆင့် ကူးစက်ခြင်းတို့ ပါဝင်သည်။

ရောဂါကူးစက်ခံရသူတိုင်းတွင် ရောဂါလက္ခဏာပေါ်ပေါက်လေ့မရှိသော် လည်း လူအချို့တွင် ဖျားခြင်း၊ ကြွက်သားများ နာကျင်ခြင်း၊ ပြန်ရည် ကျိတ်များကြီး၍ အောင့်ခြင်းတို့ကို ခံစားရတတ်သည်။ အမြင်ဝေဝါးခြင်း၊ အလင်းအားကြည့်မိပါက မျက်လုံးနာ ကျင်ခြင်း၊ မျက်စိကွယ်ခြင်း၊ မျက်စိ နီရဲခြင်းတို့ကိုလည်း ခံစားရတတ်ပါသည်။

ကာကွယ်နိုင်သောနည်းလမ်းများမှာ- အိမ်မွေးကြောင်များ၏ မစင်များကို စနစ်တကျဆေးကြောခြင်း၊ စွန့်ပစ် ခြင်း၊ ကြောင်မစင်များ၊ မြေကြီးများနှင့် အသားစိမ်းငါးစိမ်းများအား ကိုင်တွယ်မိ ပြီးတိုင်း လက်ကိုဆပ်ပြာနှင့် ရေအသုံးပြုပြီး အနည်းဆုံး စက္ကန့် ၂၀ သေချာစွာ စနစ်တကျဆေးကြောခြင်း၊ အသားငါးများကို ကျက်အောင်ချက်၍ စားသုံးခြင်း၊ ရေကိုကျိုချက်၍သောက်ခြင်း၊ အစားအသောက်များအား သန့်ရှင်းစွာပြင်ဆင် ချက်ပြုတ်ခြင်းတို့ ဖြစ်ပါသည်။

အိမ်မွေးကြောင်များနှင့် ထိတွေ့လေ့ရှိသူများ (အထူးသဖြင့် ကိုယ်ဝန်ဆောင်မိခင်များနှင့် အကြောင်းအမျိုးမျိုးကြောင့် ခုခံအားကျဆင်းနေသူများ) အနေဖြင့် အထက်ဖော်ပြပါ ရောဂါလက္ခဏာ တစ်စုံတစ်ရာပေါ်ပေါက်လာပါက နီးစပ်ရာကျန်းမာရေးဌာနသို့ အမြန်ဆုံးသွားရောက် ကုသမှုခံယူပါ။

ရင်းမြစ်- ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန