လူထုကိုယ်စားပြု အမတ်မင်းများ အလိုရှိသည်

0
947

လာမယ့် နိုဝင်ဘာလမှာ ကျင်းပမယ့် အထွေထွေရွေးကောက်ပွဲမှာ လူထုအကျိုး စီးပွားကို ဆောင်ရွက်ပေးမယ့် လူထု ကိုယ်စားလှယ်တွေကို အလိုရှိပါတယ်။ ဘယ်နိုင်ငံရေးပါတီကိုပဲ ကိုယ်စားပြုပြီး ဝင်ရောက် အရွေးခံသည်ဖြစ်စေ မိမိ မဲဆန္ဒနယ်က လူထုရဲ့ လိုအင်ကို ဖြည့် ဆည်းပေးပြီး နိုင်ငံအဆင့် ပြုပြင်ပြောင်းလဲ ရေးကိစ္စတွေမှာ တစ်ထောင့်တစ်နေရာက ပါဝင်ဆောင်ရွက်နိုင်တဲ့ ကိုယ်စားလှယ်များကို အလိုရှိပါတယ်။

နိုင်ငံရေးပါတီအသီးသီးဟာ မတူ တဲ့ နိုင်ငံရေးနောက်ခံတွေ၊ နိုင်ငံရေး ခံယူချက်တွေ၊ ရှေ့ဆက်ဆောင်ရွက်လို တဲ့ နိုင်ငံရေးလမ်းစဉ်တွေ ရှိပါလိမ့်မယ်။ မည်သို့ပင်ဆိုစေကာမူ အဲဒီဆောင်ရွက် ချက်တွေ အားလုံးဟာ လူထုရဲ့ပကတိ လိုအပ်ချက်ကို တစ်နည်းနည်းနဲ့ ဖြည့်ဆည်း ပေးတာဖြစ်ဖို့ လိုပါမယ်။

လက်ရှိ ကျွန်တော်တို့ တွေ့ကြုံ ဆက်ဆံနေရတဲ့ လူထုကိုယ်စားလှယ် အတော်များများဟာ လူထုလိုအပ်ချက် ကို ထောက်ပြ ဆွေးနွေးတဲ့နေရာမှာ အားနည်းချက်တွေ များစွာရှိနေတာကို သတိထားမိလာပါတယ်။ ဘယ်သူမှ အလုံးစုံ ပြည့်စုံကောင်းမွန်တဲ့သူ မဖြစ် နိုင်ဘူးဆိုတဲ့အမြင်ကို လက်ခံပေမယ့် တစ်ဘက်မှာ ဖြည့်ဆည်းရမယ့်အရာတွေမှာ လစ်ဟာမှု ကြီးကြီးမားမားတွေ ရှိလာ တာက လူထုကိုယ်စားလှယ်ကောင်းတွေ ဖြစ်လာဖို့အတွက် ကြီးမားတဲ့ စိန်ခေါ်မှု တွေပါ။

ဥပမာအားဖြင့် လက်ရှိ အခြေခံ ကျောင်းတွေ ပြန်ဖွင့်ရေးကိစ္စမှာ အောက်ခြေ လူထုနဲ့ ပညာရေးဝန်းထမ်းတွေ တွေ့ကြုံ နေရတဲ့ အခက်အခဲတွေကို ပြေလည် သွားနိုင်ဖို့အတွက် တိုင်းအတွင်း လူထု ကိုယ်စားလှယ်တွေအနေနဲ့ တစ်ဖက် တစ်လမ်းက ဆောင်ရွက်နေတာမျိုးကို မတွေ့နေရသေးပါဘူး။ တနင်္သာရီ တစ်တိုင်းလုံးအနေနဲ့ လာမယ့်ရွေးကောက် ပွဲမှာ ပြန်လည် အနိုင်ရနိုင်ခြေများနေတဲ့ လက်ရှိအာဏာရပါတီအမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရဲ့ ကိုယ်စားလှယ်လောင်း စာရင်းထွက်ပေါ်လာမှု အပေါ်မှာပဲ အာရုံ များနေတဲ့အချိန်မှာ ပညာရေးဝန်ထမ်း တွေနဲ့ အောက်ခြေရပ်ကျေးအုပ်ချုပ်ရေး၊ ကျောင်းသားမိဘတွေကတော့ ကိုဗစ် ကာလ ပညာရေးဌာန ညွှန်ကြားချက်တွေ နဲ့ နပန်းလုံးနေကြရတာပါ။

နောက်တစ်ခုက ကျွန်တော်တို့ တနင်္သာရီတိုင်းအတွက် အရေးကြီးတဲ့ သယံဇာတစီမံအုပ်ချုပ်မှုအားကောင်းလာ ရေး၊ ရင်းနှီးမြှုပ်နှံမှု စီမံကိန်းတွေ သက် ဆိုင်ရာနယ်ပယ်အလိုက် ပြဋ္ဌာန်းဥပဒေ တွေကို လေးစားလိုက်နာရေးနဲ့ လူထု အတွက် ရေရှည်အကျိုးစီးပွား ဖြစ်ထွန်း အောင် ဆောင်ရွက်ရေးတွေမှာ လက်ရှိ အစိုးရအဖွဲ့ဝင် တာဝန်ရှိဝန်ကြီးအချို့နဲ့ လွှတ်တော် ကိုယ်စားလှယ်အချို့ဟာ သူတို့ဆောင်ရွက်ရမယ့် အလုပ်တွေကို ဆောင်ရွက်သင့်သလောက် မဆောင် ရွက်ခဲ့တာမျိုးကို သုံးသပ်တွေ့ရှိရပါတယ်။

ကျွန်တော်တို့ဟာ ဘယ်လိုအခြေ အနေမျိုးပဲရောက်ရောက် လူထုနဲ့အစဉ် မပြတ်ထိတွေ့နေပြီး လူထုလိုအပ်ချက် ကို ဖြည့်ပေးဖို့ အစဉ်အားထုတ်နေတဲ့ ကိုယ်စားလှယ်မျိုးတွေ လာမယ့်ရွေးကောက် ပွဲမှာ အနိုင်ရစေဖို့ ဆန္ဒရှိပါတယ်။

ရွေးကောက်ပွဲနီးလာတဲ့အခါ နိုင်ငံ ရေးပါတီအသီးသီးက သူနိုင်ကိုယ်နိုင် အပြိုင်ကြဲပြီး လွှတ်တော်အသီးသီးမှာ ဝင်ရောက် ရွေးကောက်ခံရဖို့အရေး လုံးပမ်းလာကြပေမယ့် လူထုဆန္ဒကို စေ့ငုလိုစိတ်ရှိတဲ့ ကိုယ်စားလှယ်လောင်း တွေကိုတော့ သိပ်မတွေ့ရသေးပါဘူး။
ပြီးခဲ့တဲ့ သက်တမ်းမှာ တနင်္သာရီတိုင်း လူထုဟာ အရေးကြီးတဲ့ နိုင်ငံရေးပြုပြင် ပြောင်းလဲမှုတွေ လုပ်နိုင်ဖို့အတွက် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကို သောင် ပြိုကမ်းပြိုထောက်ခံခဲ့ပြီးပါပြီ။

အချိန် ၅ နှစ်နီးပါးကြာသွားပြီးတဲ့အခါမှာ သက်ဆိုင်ရာ အစိုးရအဖွဲ့ဝင်တွေနဲ့ လွှတ် တော်ကိုယ်စားလှယ်တွေရဲ့ ခြေစွမ်းကို လည်း မြည်းစမ်းခွင့် ရရှိခဲ့ကြပြီးပါပြီ။ လက်ရှိအချိန်မှာ ဆက်အနိုင်ရနိုင်ခြေများ နေတဲ့ အာဏာရပါတီရဲ့ကိုယ်စားလှယ် လောင်း ရွေးချယ်မှုအပေါ်မှာ ဝေဖန်မှု တွေများစွာ ထွက်ပေါ်လာတာကိုလည်း တွေ့ရပါတယ်။ တကယ်တမ်း ပြန်ဆန်း စစ်ကြည့်ရင် ဒီလိုဝေဖန်ကြတာကလည်း သဘာဝကျသလို နိုင်ငံရေးအရ သိပ်ပြီး ထူးဆန်းတာမျိုးလည်း မဟုတ်ပါဘူး။ ဒါပေမယ့် လူထုကို ကိုယ်စားပြုပါတယ် ဆိုတဲ့ နိုင်ငံရေးပါတီတွေဟာ လူထုရဲ့ ဝေဖန်စောကြောမှုကို အစဉ်နားထောင် နေပြီး လိုအပ်တဲ့ ဆွေးနွေးအကြံပြုမှု တွေကို အပြန်အလှန်ပြုလုပ်ဖို့ လိုအပ်ပါ တယ်။ ဒါဟာ မဲဆွယ်စည်းရုံးရေးလုပ်ငန်း နဲ့ ကွဲပြားခြားနားသလို ရွေးကောက်ပွဲမှာ အနိုင်ရပြီးတဲ့ကာလမှာပြုလုပ်တဲ့ မိမိ ပါတီကို ထောက်ခံတဲ့ မဲဆန္ဒရှင်ပြည်သူ တွေနဲ့ တွေ့ဆုံပွဲပြုလုပ်တဲ့ ပုံစံမျိုးနဲ့ လည်း မတူသေးပါဘူး။

ရွေးကောက်ပွဲမှာ မိမိပါတီကို ထောက် ခံသည်ဖြစ်စေ မထောက်ခံသည်ဖြစ်စေ လူထုကိုယ်စားလှယ်များဟာ မတူကွဲ ပြားတဲ့ အမြင်တွေနဲ့ အကြံပြုဆွေးနွေးမှု တွေကို လက်ခံစကားပြောဖို့ အမြဲအဆင် သင့်ဖြစ်နေဖို့ လိုအပ်ပါတယ်။

နိုဝင်ဘာရွေးကောက်ပွဲရလဒ်အရ ထွက်ပေါ်လာမယ့် လူထုကိုယ်စားလှယ် တွေဟာ လူထုအတွက် အကျိုးရှိမယ့် ဘယ်လိုအလုပ်မျိုးတွေကို ဆောင်ရွက် ကြမလဲဆိုတာကိုတော့ မဲဆန္ဒရှင်ပြည်သူ တစ်ယောက်အနေနဲ့ ရိုးရိုးသားသား သိလိုပါတယ်။ ဒီမှာ အငြင်းပွားစရာ အချက်တွေ ရှိကောင်းရှိပါမယ်။ ဥပမာ အားဖြင့် သက်ဆိုင်ရာ နိုင်ငံရေးပါတီ အလိုက် ရွေးကောက်ပွဲ ကြေညာစာတမ်း တွေ ရှိလာမှာဖြစ်တဲ့အတွက် အဲဒီ ကြေညာစာတမ်းတွေအတိုင်း အကောင် အထည်ဖော် ဆောင်ရွက်သွားမှာပေါ့လို့ စောဒက တက်လိုကလည်း တက်နိုင်ပါ သေးတယ်။

သို့ပါသော်လည်း ကျွန်တော်တို့ဟာ လွန်ခဲ့တဲ့ လွှတ်တော်/အစိုးရသက်တမ်း အတွေ့အကြုံအရ လက်ရှိအာဏာရပါတီ ကိုယ်စားပြုပြီး ဝင်ရောက်ရွေးကောက် ခံကြမယ့် ကိုယ်စားလှယ်လောင်းအချို့ရဲ့ ကိုယ်ကျင့်တရားနဲ့ စွမ်းဆောင်ရည်အပေါ် မှာ သံသယဖြစ်စရာတွေ ရှိနေပါတယ်။ ဒါပေမယ့်လည်း ကိုယ်စားလှယ်လောင်းတွေဆိုတာ သက်ဆိုင်ရာ နိုင်ငံရေးပါတီ တွေက စိတ်ကြိုက်ရွေးချယ်မှာပဲဖြစ်ပြီး လူထုက စွက်ဖက်ပိုင်ခွင့် မရှိသလောက် ပါပဲ။

ယခင်က ရေးခဲ့ဖူးတဲ့ “အမတ်လောင်း များကို စိန်ခေါ်သည်”ဆောင်းပါးမှာ ပြောခဲ့သလိုပဲ သက်ဆိုင်ရာ မဲဆန္ဒနယ် အလိုက် ဝင်ရောက်အရွေးချယ်ခံမယ့် ကိုယ်စားလှယ်လောင်းတွေရဲ့ အရည် အချင်းနဲ့လုပ်နိုင်စွမ်းကို ကြိုတင် ဆန်းစစ် လိုစိတ်ရှိပါတယ်။ ခက်တာက ကျွန်တော် တို့ရဲ့ ရွေးကောက်ပွဲစနစ်အရ အဲဒီလို ဆန်းစစ်နိုင်တဲ့ အခင်းအကျင်းက ရှိမနေ တာပါ။ ဒီလိုပြောလို့ လွှတ်တော်ကိုယ်စား လှယ်လောင်းတွေကို မလေးမစားပြောလို တာမဟုတ်ဘဲ မိမိကို ကိုယ်စားပြုမယ့် လူထုကိုယ်စားလှယ်တွေကို မဲပေးရွေးချယ် တဲ့ နေရာမှာ လူထုအနေနဲ့ ပိုမိုလက်တွေ့ ကျတဲ့ ရွေးကောက်မှုကို ဆောင်ရွက်နိုင်ဖို့ တစ်ဖက်တစ်လမ်းက အထောက်အကူပြု လိုတဲ့ ရည်ရွယ်ရင်းသာ ဖြစ်ပါတယ်။

အားလုံးသိပြီးသားဖြစ်တဲ့အတိုင်း ဒီမိုကရေစီဆိုတာ မတူကွဲပြားမှုတွေ စုစည်းထားပြီး ပိုမိုကောင်းမွန်တဲ့ လူမှု အသိုက်အဝန်းကို ဖော်ဆောင်တဲ့နေရာ မှာ ကွဲပြားစုံလင်တဲ့အမြင်တွေနဲ့ လူထု အကျိုးကို သူ့ထက်ငါ ကောင်းအောင် ဆောင်ရွက်ကြရတာပါပဲ။

ကျွန်တော်တို့ တနင်္သာရီတိုင်းရဲ့လက်ရှိ နိုင်ငံရေးအခင်း အကျင်းအရ ဒေသအမြင်နဲ့ တိုင်းသူ တိုင်းသားတွေရဲ့ နိုင်ငံရေးဆန္ဒတွေကို ဖြည့်ဆည်းပေးနိုင်စွမ်းမယ့် ပါတီနိုင်ငံရေး အခင်းအကျင်းဟာ အားနည်းနေဆဲ ဖြစ်ပါ တယ်။ ပြည်မအခြေစိုက်ပြီး တစ်နိုင်ငံလုံး နဲ့ ပတ်သက်တဲ့ အရေးကိစ္စတွေကို ပိုအာရုံစိုက်တဲ့ နိုင်ငံရေးပါတီကြီးတွေ အမျိုးသားလွှတ်တော်နဲ့ ပြည်သူ့လွှတ် တော်မှာ အမတ်နေရာများများ အနိုင်ရဖို့ အရေးကြီးသလို တိုင်းဒေသကြီးအတွင်း က ပြည်သူတွေရဲ့ လိုအပ်ချက်တွေကို တိုက်ရိုက်ဖြည့်ဆည်း ဆောင်ရွက်ပေးမယ့် တိုင်းလွှတ်တော်/အစိုးရအဖွဲ့အတွင်း မှာ ဒေသအရေးကို ဦးစားပေးတဲ့ ပါတီအငယ်တွေ ကိုယ်စားပြု ပါဝင်လာရေး ဟာလည်း စုံလင်ကွဲပြားတဲ့ ဒီမိုကရေစီရဲ့ အနှစ်သာရ မြေပြင်မှာ အကောင်အထည် ပေါ်လာရေးအတွက် အရေးကြီးပါတယ်။

ပါတီကြီးတွေ ဗဟိုမျှော်နေရပြီး တိုင်းအတွင်း မဲဆန္ဒနယ်အသီးသီးက လွှတ်တော်ကိုယ်စားလှယ်တွေကို ကြီးကြပ် ဆောင်ရွက်နိုင်ဖို့ အားနည်းနေချိန်မှာ တိုင်းလူထုကို ကိုယ်စားပြုဆောင်ရွက် ရမယ့် ဆောင်ရွက်ဖွယ်တွေ ထိရောက် သင့်သလောက် မထိရောက်ဘူး ဆိုတာကို ကျွန်တော်တို့တွေ့ကြုံခဲ့ရပြီး ဖြစ်ပါတယ်။ သို့သော်လည်းပဲ အပေါ်မှာ ဆွေးနွေးခဲ့ ပြီးဖြစ်သလို နိုင်ငံရေးပါတီတွေရဲ့ ကိုယ် စားလှယ်လောင်းရွေးချယ်မှုကို လူထုဟာ ဝေဖန်နိုင်ပေမယ့် ဆုံးဖြတ်ချက်တွေကို တော့ ပြင်ဆင်နိုင်စွမ်း မရှိပါဘူး။

ခြုံပြောရရင် အခြေခံဥပဒေပြုပြင် နိုင်ရေး၊ တရားဥပဒေစိုးမိုးရေး၊ ငြိမ်းချမ်း ရေးဖြစ်စဉ် အကောင်အထည်ဖော်ရေး စတဲ့ တစ်နိုင်ငံလုံးနဲ့ဆိုင်တဲ့ ကိစ္စရပ်တွေ မှာ နိုင်ငံရေးပါတီတွေအနေနဲ့ အာရုံစိုက် ရမှာဖြစ်သလို ဒေသအရေးနဲ့ တိုင်း အတွင်း မဲဆန္ဒရှင်ပြည်သူတွေရဲ့ နိုင်ငံရေး ဆန္ဒတွေကိုလည်း ဖြည့်ဆည်းဆောင် ရွက်ရမှာ ဖြစ်ပါတယ်။

အထူးအားဖြင့် လာမယ့် ရွေးကောက်ပွဲမှာ တိုင်းဒေသ ကြီးလွှတ်တော်ကိုယ်စားလှယ်အဖြစ် ဝင်ရောက်ရွေးကောက်ခံကြမယ့် ကိုယ် စားလှယ်လောင်းတွေအနေနဲ့ မိမိတိုင်း အတွင်းက လူထုလိုအပ်ချက်တွေကို ဆောင်ရွက်တဲ့ နေရာမှာ ဗဟိုကို သိပ် မမျှော်ရဘဲ လှုပ်သာကိုင်သာရှိတဲ့ နိုင်ငံ ရေးအခင်းအကျင်းမျိုး ဖော်ဆောင်နိုင်ပြီး တိုင်းသူတိုင်းသားတွေရဲ့ အသံနဲ့လိုအပ် ချက်တွေကို ပြီးခဲ့တဲ့သက်တမ်းထက် ပိုမို ကောင်းမွန်အောင်စွမ်းဆောင်နိုင်ကြပါ စေကြောင်း ဆန္ဒပြုလိုရင်း ဖြစ်ပါတယ်။

အောင်လွင်(ကံပေါက်သား)