၂၀၂၀ ရွေးကောက်ပွဲအတွက် အထူးရဲ တစ်ထောင်ကျော်ခန့်ရန် ပြင်

0
431

၂၀၂၀ အထွေထွေ ရွေးကောက်ပွဲ တွင် တာဝန်ထမ်းဆောင်မည့် အထူးရဲတစ်ထောင်ကျော် ရွေးချယ်ခန့်အပ်ရေး စတင်ဆောင်ရွက်နေပြီဖြစ်ကြောင်း တနင်္သာရီတိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံးထံမှ သိရသည်။

ရွေးကောက်ပွဲတွင် မဲရုံတစ်ရုံလျှင် အထူးရဲတစ်ယောက်နှုန်း တာဝန်ပေးနိုင်ရန် လုပ်ဆောင်နေပြီး လက်ရှိတွင် သက်ဆိုင်ရာ ရဲစခန်းအလိုက် စာရင်းကောက်ယူ စုဆောင်းနေကြောင်း ဒုတိုင်းရဲ တပ်ဖွဲ့မှူးရဲမှူးကြီးကြည်စိုးက ဆိုသည်။

လက်ရှိအနေအထားအရ တိုင်းအတွင်း မဲရုံ ၁၂၀၆ ရုံရှိပြီး မဲဆန္ဒရှင် အနည်းအများအပေါ် မူတည်ကာ မဲရုံအရေအတွက် အနည်းငယ်ပြောင်းလဲနိုင်သေးကြောင်း ၎င်းက ပြောသည်။

“အခုက စာရင်းကောက်တဲ့အဆင့်ပဲ ရှိသေးတယ်။ ရထားတဲ့သတင်းအရဆိုရင် စက်တင်ဘာလမှာစပြီးတော့ သူတို့က ခန့်အပ်တာဝန်ပေးမှာ ဖြစ်ပါတယ်” ဟု ရဲမှူးကြီးကြည်စိုးက ပြောသည်။

ရွေးကောက်ပွဲနှင့် ပတ်သက်သည့် လုံခြုံရေးရေးဆိုင်ရာ ကိစ္စရပ်များအတွက် ရဲတပ်ဖွဲ့ဌာနချုပ်တွင် သင်တန်းတက်ထားသည့် ရဲအရာရှိနှစ်ဦးက ၎င်းတို့ကို ထပ်ဆင့်သင်တန်းပေးမည်ဖြစ်ကြောင်း ရဲမှူးကြီးကြည်စိုးက ဆိုသည်။

မြန်မာနိုင်ငံ မှုခင်းသတင်းထောက်များအသင်း ပယ်ဖျက်ခံရ

အထူးရဲအဖြစ်လျှောက်ထားပါက အသက် ၁၈ နှစ်ပြည့်ပြီး ၆၀ နှစ်ထက် မကြီးသူ၊ ကိုယ်လက်အင်္ဂါသန်စွမ်းပြီး ကျန်းမာရေးကောင်းမွန်သူ၊ အခြေခံပညာ အလယ်တန်းအဆင့် အောင်မြင်ပြီးသူ၊ အရပ်ပုလွန်းသူ အဝလွန်သူမဖြစ်စေရစသည့် အရည်အချင်းသတ်မှတ်ချက် ၆ ချက် ရှိသည်။

ပြီးခဲ့သည့် ၂၀၁၅ ရွေးကောက်ပွဲ ကျင်းပစဉ်က ခန့်အပ်ခဲ့သည့် အထူးရဲ များက ရွေးကောက်ပွဲကျင်းပပြီးချိန်တွင် ရွေးကောက်ပွဲနှင့် ပတ်သက်ခြင်းမရှိသည့် အမှုအခင်းများတွင် ဝင်ရောက်စွက်ဖက်မှုများ ရှိသည်ဟုဆိုကာ ပြည်သူများအကြား ဝေဖန်မှုအချို့ ရှိခဲ့သည်။

လက်ရှိတွင် ယင်းကဲ့သို့ဖြစ်စဉ်မျိုး မဖြစ်စေရန်အတွက် သင်တန်းပေးစဉ်ကာလတွင် စနစ်တကျသင်ကြားသွားမည်ဖြစ်ကြောင်း ရဲမှူးကြီးကြည်စိုးက ဆိုသည်။

၂၀၁၅ ရွေးကောက်ပွဲကျင်းပချိန်က တနင်္သာရီတိုင်းအတွင်း အထူးရဲ ၁၁၇၀ ဦး တာဝန်ထမ်းဆောင်ခဲ့သည်။

ရွေးကောက်ပွဲပြီးချိန်တွင် မီးသတ်နှင့် ရဲတပ်ဖွဲ့တွင် ဆက်လက်တာဝန်ထမ်းဆောင်ရန် လျှောက်ထားသူ ၄၀ ကျော်ရှိသည်ဟု တနင်္သာရီတိုင်းဒေသကြီး ရဲတပ်ဖွဲ့ရုံးထံမှ သိရသည်။