ကိုဗစ်နှင့် ဒီမိုကရေစီ တိုးတိုက်မိခြင်း

0
720

ကိုဗစ် ကပ်ရောဂါဖြစ်ပွားလာသောအခါ အပြောင်းအလဲများစွာ ဖြစ်လာခဲ့သည်။ လူတို့၏နေ့စဉ်ဘဝများစွာမှာ ပုံမှန် နိစ္စဓူဝ ကိစ္စများမှ သွေဖည်သွားကာ ကိုဗစ်ရောဂါကို ရှောင်ရှားရန် နေထိုင်မှုပုံစံကို ပြောင်းလဲလာကြရသည်။

ကိုဗစ်ရောဂါမတိုင်မီက ကမ္ဘာတစ်လွှားတွင် နိုင်ငံရေး၊ စစ်ရေး၊ စီးပွားရေး အစရှိသည့် ကိစ္စရပ်များစွာနှင့် အစိုးရ ပေါင်းများစွာတို့ အချိန်ကုန်နေရာမှ ကိုဗစ်ကပ်ရောဂါ ပျံ့နှံ့လာချိန်တွင်မူ ကပ်ရောဂါကို တိုက်ဖျက်ဟန့်တားရန် အတွက် ကမ္ဘာတဝန်းမှ အစိုးရများစွာတို့ အာရုံစိုက်လာကြရသည်။ ရောဂါပျံ့နှံ့မှု ပုံစံမှာ မြန်ဆန်လှကာ အသက်အန္တရာယ် ပေးနိုင်သော ရောဂါလည်းဖြစ်သည့်အလျောက် အချို့နိုင်ငံများတွင် လူအသေအပျောက် များလှသည်။ ကူးစက်နှုန်း မြန်ဆန်များပြားခဲ့သည်။

ထို့ကြောင့်ပင် အစိုးရများသည် ကိုဗစ်ကို လျှော့မတွက်ရဲတော့ဘဲ ရောဂါထိန်းချုပ်ရေးလုပ်ငန်းများကို အစွမ်းကုန်ကြိုးစားကြသည်။ ရောဂါထိန်းချုပ်ရေးနှင့် ပတ်သက်၍ အစိုးရများ၏ စွမ်းဆောင်ရည်မှာ ကွဲပြား ခြားနားခဲ့သော်လည်း အုပ်ချုပ်မှုအာဏာကို တင်းတင်းကျပ်ကျပ် သုံးလာကြသည်မှာ ကမ္ဘာပေါ်ရှိ အစိုးရများစွာတို့၏ တူညီသောအချက်ဟု ဆိုနိုင်သည်။ ပညာရှင်အချို့ကမူ ကိုဗစ်ကပ်ကို ကိုင်တွယ်ရန် အစိုးရများစွာက လူတို့၏ အခြေခံ လွတ်လပ်ခွင့်၊ အခွင့်အရေးများစွာတို့ကို တင်းကြပ်စွာ ကိုင်တွယ်ထိန်းချုပ်ခဲ့ကြ သည်ဟု ဆိုကြသည်။

ရောဂါစတင်ပျံ့နှံ့ခဲ့သော တရုတ်နိုင်ငံ ဝူဟန်မြို့တွင်ဆိုလျှင် တရုတ်အာဏာပိုင်များ၏ ရောဂါထိန်းချုပ်ရေး လုပ်ဆောင်မှုများမှာ ကမ္ဘာတလွှား ဝေဖန်စရာ ဖြစ်ခဲ့သည်။ တရုတ်သည် အများသိပြီးဖြစ်သည့်အတိုင်း တရုတ်ကွန်မြုနစ်ပါတီ၏ တင်းကြပ်သော အုပ်ချုပ်မှုအောက်တွင် ရှိသည့်အလျောက် ရောဂါကို ကိုင်တွယ်ရာတွင် လူအများကို သွားလာမှုကန့်သတ်ခြင်း၊ သတင်းအချက်အလက်များကို ထိန်းချုပ်ခြင်း၊ ရောဂါအကြောင်းနှင့် စပ်ကာ အစိုးရကို ဝေဖန်သောသူများကို ထိန်းသိမ်းခြင်း စသည်တို့ကို တင်းတင်း ကျပ်ကျပ် လုပ်ခဲ့သည်သာ။

ဒီမိုကရေစီ အလေ့အထများနှင့် မွေ့လျော် အသားကျနေသော လူ့အဖွဲ့ အစည်းများကား ကိုဗစ်ကြောင့် ပို၍ ကမောက်ကမ ဖြစ်သွားခဲ့ရဟန် ရှိသည်။ လူသားတို့၏ အခြေခံ လွတ်လပ်ခွင့်များ၊ အခွင့်အရေးများနှင့် ပုဂ္ဂိုလ်ရေးအချက်အလက်များတို့မှာ အစိုးများ၏ ကိုဗစ် နှိမ်နင်းရေး အစီအမံများအောက်တွင် နစ်မွန်းသွားခဲ့သည်။

ဥပမာအားဖြင့် ဗြိတိန် အစိုးရသည် ကိုဗစ်ကပ်အတွင်း တန်းခိုးထွားလာခဲ့သည်။ လူအများကို တင်းကျပ်သော ညွှန်ကြားချက်များနှင့် အင်အားသုံးကာ အစိုးရ၏ အစီအမံများကို လိုက်နာစေ ခြင်းမျိုးဖြစ်သည်။ ကင်းလှည့်နေသာ ရဲများသည် လူအများကို စောင့်ကြည့်နေ သည်။ ခပ်ခွာခွာနေရန် ဆော်ဩသည်။ လူစုလူဝေး လုပ်လျှင် အရေးယူမည်ဖြစ်သည်။

လူများသည် ခိုင်လုံသောအကြောင်း ပြချက်မရှိဘဲ အိမ်အပြင်ထွက် ခရီးထွက် ခွင့်မရှိပေ။ ဤသို့တင်းကျပ်သော ညွှန်ကြားချက် အမိန့်များအတွက် ဗြိတိသျှ ပါလီမန်ထဲတွင် ဆွေးနွေးမဲခွဲစရာပင်မလို ခဲ့ပေ။

နယူးဇီလန်ကဲ့သို့သော ဒီမိုကရေစီ ခိုင်မာအားကောင်းသော၊ လူ့အခွင့်အရေးကို လေးစားလိုက်နာသော နိုင်ငံမျိုးတွင်ပင် မကြုံစဖူး တင်းကျပ်သော အမိန့်မျိုးကို အစိုးရက ထုတ်ပြန်အကောင်အထည် ဖော်ခဲ့သည်။ ရောဂါထိန်းချုပ်ရန်အတွက် တစ်လတိတိ တစ်နိုင်ငံလုံးကို လော့ခ်ဒေါင်းချကာ ခရီးသွားလာမှုများ၊ လူစုဝေးမှုများကို တင်းကျပ်စွာ ပိတ်ပင်ခဲ့သည်။ လူစုလူဝေးပြုလုပ်ခြင်းကြောင့် လူများစွာ အရေးယူခံရသည့်အဖြစ် အပျက်များစွာလည်း ရှိခဲ့သည်။

အိန္ဒိယ နိုင်ငံတွင်မူ အစိုးရ၏ တင်းကျပ်သော အမိန့်များကြောင့် အစားအသောက်ပြတ်လပ်သည့် ပြဿနာ၊ နေထိုင်ခိုကိုးစရာမရှိသည့် ပြဿနာမျိုး လူများစွာ ကြုံခဲ့ရသလို အစိုးရက ထုတ်ပြန်ထားသည့် စည်းကမ်းများကို ဖောက်ဖျက်မိသူများကို ရဲများက ကြမ်း တမ်းစွာ ကိုယ်ထိလက်ရောက် ဖြေရှင်းခဲ့ခြင်းကြောင့်လည်း ဝေဖန်မှုများစွာ ပေါ်ပေါက်လာခဲ့သည်။

အမေရိကနှင့် ဥရောပနိုင်ငံများတွင်လည်း တင်းကျပ်သော အမိန့်ညွှန်ကြားချက်များထုတ်ကာ လူများကို ထိန်းချုပ်ကန့်သတ်ထားခဲ့သည်။ လူများစွာတို့ အချိန်အတိုင်းအတာ တစ်ခုအထိ နေအိမ်အကျယ်ချုပ်ကျသည့်အဖြစ်မျိုး ဖြစ်သည်။ ထိုသို့သော အခြေအနေများ ကြောင့် လူအချို့မှာ စိတ်ပိုင်းဆိုင်ရာ ပြဿနာများရှိခဲ့ပြီး အချို့မှာ အစိုးရ၏ ထုတ်ပြန်ချက်များ အမိန့်များကို လက်မခံ လွန်ဆန်ခဲ့ခြင်းကြောင့် အရေးယူခံခဲ့ကြ ရသည်။

ဆေးပညာ၊ ကပ်ရောဂါဗေဒဆိုင်ရာ ရှုထောင့်မှ ကြည့်လျှင်မူ လူအများလှုပ် ရှားသွားလာမှု၊ လူစုဝေးမှုများကို တားမြစ်ထိန်းချုပ်လိုက်ခြင်းမှာ ရောဂါ ထိန်းချုပ်ရန် လိုအပ်သော၊ ထိရောက်သော လုပ်ရပ်များ ဖြစ်သည်။ သို့ရာတွင် ဒီမိုကရေစီ အလေ့အထ စံနှုန်းများနှင့် စံထိုးကြည့်ရာတွင်မူ ကမ္ဘာတလွှားရှိ အစိုးရများတို့၏ အုပ်ချုပ်ရေးအာဏာကို အင်နှင့်အားနှင့် ထုတ်သုံးကာ လူ့အခြေခံ လွတ်လပ်ခွင့်များကို ထိန်းချုပ်ခြင်း၊ ပုဂ္ဂိုလ်ရေးအချက်အလက်များကို ရယူခြင်းတို့မှာ ကောင်းသော လက္ခဏာတစ်ရပ် မဟုတ်ပေ။

ပုံမှန်အခြေအနေတွင် သာမန် လူတစ်ဦးသည် သူနှစ်သက်ရာနေရာသို့ သွားနိုင်သည်။
မည်သူနှင့်မဆို တွေ့ဆုံ စုဝေးခွင့် ရှိသည်။ သူမည်သည့်နေရာသို့သွား၍ မည်သူတို့နှင့် ထိတွေ့မှု စုဝေးမှုရှိခဲ့သည် ကို ခြေရာခံခြင်းမှာ သာမန်အခြေအနေ တွင်ဆိုလျှင် တစ်ဦး၏ ပုဂ္ဂိုလ်ရေးကိစ္စများကို စွက်ဖက်ခြင်း၊ ပုဂ္ဂလိက အခွင့်အရေးကို ချိုးဖောက်ခြင်းဖြစ်သည်။ ကိုဗစ်ကြောင့် မဖြစ်မနေ ကွာရန်တင်းဝင်ရခြင်း၊ ဆေးစစ်ခံရခြင်း၊ ခရီးသွားရာဇဝင်များ ဝေမျှရခြင်း၊ နှာခေါင်းစည်း ဝတ်ရခြင်း၊ လော့ခ်ဒေါင်းကြောင့် အိမ်တွင်နေရခြင်း၊ အလုပ်မသွားရခြင်း၊ ဈေးမရောင်းရခြင်း အစရှိသော ကိစ္စများကို မလွှဲမရှောင်သာ ရင်ဆိုင်ကြရသည်။ အချို့သော စက်မှုလုပ်ငန်းများသည် အစိုးရ၏ ညွှန်ကြားချက်အရ အစိုးရအတွက် စက်ပစ္စည်းများ ထုတ်လုပ်ပေးရသည်။

ကိုဗစ်ရောဂါ၏ သဘောသဘာဝအရ ကူးစက်လွယ်ကာ ကာကွယ်ကုသ ဆေးမရှိသေးသည့်အတွက် ရောဂါထိန်းချုပ်ရန် လူအချင်းချင်း ထိတွေ့ခြင်း၊ စုဆုံခြင်းမပြုရန် ခပ်ခွာခွာနေရန် လိုအပ်သည်။ ထိုအချက်ကို လူအများစုက လက်ခံကြ၍ အစိုးရများ၏ တင်းကျပ် သော ညွှန်ကြားချက်များ၊ အမိန့်များကို အခက်အခဲများကြားမှ သည်းခံကာ လိုက်နာကြပါသည်။ ဖျက်သိမ်းလိုက်ရသော မင်္ဂလာပွဲများ၊ မိသားစုဝင် တစ်ဦးဦး အသက်ဆုံးရှုံးသွားသော်လည်း ဈာပနကိုပင် ကောင်းစွာ မကျင်းပရ။ နောက်ဆုံး ခရီးကိုပင် လိုက်ပါ မပို့ဆောင်ရသော အဖြစ်များ၊ ဝမ်းစာရေးအတွက် အလုပ်ထွက်မလုပ်ရရှာသော စားဝတ်နေရေး အကျပ်ဆိုက်သွားရသူများ၊ အလုပ်ပြုတ်သွားသူများ အစရှိသဖြင့် လူမှုစီးပွား အခြေ အနေအရပ်ရပ်မှာ ပုံမှန်အခြေအနေမှ သွေဖည်သွားခဲ့ကြရသည်။

ကိုဗစ်ရောဂါကို ကိုင်တွယ်ရာတွင် အစိုးရများ၏ လုပ်ဆောင်မှုများနှင့် စပ်လျဉ်း၍ အချို့က အကြမ်းဖက်မှုများ ဖြစ်ပွားသော အခြေအနေမျိုးတွင် အစိုးရများ၏ တုံ့ပြန်ပုံများနှင့် ခိုင်းနှိုင်းကာ ပြောကြသည်လည်း ရှိသည်။ အကြမ်းဖက်မှုများ ကြုံတွေ့ရသော အခြေအနေမျိုးတွင် အစိုးရများသည် အထူးစိုးရိမ်ကြကာ လုံခြုံရေးအစီအမံများ တင်းကျပ်စွာလုပ် ဆောင်တတ်ကြသည်။

မည်သူ့ကိုမဆို သံသယရှိလျှင် သက်သေအထောက်အထား အခိုင်အလုံမရှိလျှင်ပင် ထိန်းသိမ်းကာ ရက်ပေါင်းများစွာ စောင့်ကြည့်စစ်ဆေးနိုင်သော ဥပဒေမျိုး ပြဋ္ဌာန်း အကောင်အထည် ဖော်တတ်သည်။ ထိုအချိန်မျိုးတွင် ပြည်သူများ၏ လွတ်လပ်မှုဆိုသည်မှာ အစိုးရက ခွင့်ပြုသလောက်သာ ရနိုင်သော အခြေအနေမျိုး ဖြစ်သည်။

ယခုကိုဗစ်ကပ်ရောဂါသည် ပြည်သူများ၏ အသက်အန္တရာယ်ကို အကြီးအကျယ် ခြိမ်းခြောက်သော မမြင်ရသော ကိုယ်ပျောက်ရန်သူကြီးဖြစ်သည်။ ကိုဗစ်ကပ်သည် နိုင်ငံများ၏ လုံခြုံရေးကို ထိပါး ထိုးနက်နေသည်ဟု အစိုးရများက ယူဆ ကြသည်။ နိုင်ငံတော် အရေးပေါ် အခြေ အနေအဖြစ် နိုင်ငံအချို့တွင် ကြေညာကာ အထူးဥပဒေ အချို့ကို ကျင့်သုံးကြသည်။ မည်သူမဆို ကိုဗစ်ရောဂါပိုး ကူးစက်ခံထားရသူဟု သံသယ ဖြစ်ခံရနိုင်သည်။ ထို့ကြောင့်လည်း ပြည်ပမှလာသူ၊ ရောဂါ ကူးစက်နှုန်းမြင့်ရာ နေရာမှလာသူများမှာ ကွာရီတင်းတွင် ထိန်းသိမ်းစောင့်ကြည့်ခံ ကြရသည်။ ဆေးစစ်ခံရသည်။

ခရီးသွား ရာဇဝင်များကို သက်ဆိုင်ရာထံ မျှဝေရသည်။ ယခုကဲ့သို့ ကပ်ရောဂါအရှိန်ကောင်းနေသော အချိန်တွင်လည်း ပြည်သူများ၏ လွတ်လပ်မှုဆိုသည်မှာ အကန့် အသတ်နှင့် ဖြစ်ရသည်။ ထိုသို့ဖြစ်ရ သည်ကလည်း ရောဂါ၏ သဘောသဘာဝနှင့် အစိုးရများ၏ ကိုင်တွယ်ပုံအရ ဖြစ်သည်။

ကိုဗစ်၏အကျိုးအဆက်ကား မသေးလှသလို ဆက်၍ ဆိုးကျိုးများစွာ သယ်လာဦးမည့်သဘောမျိုး ဖြစ်သည်။ နိုင်ငံအချို့သည် စားနပ်ရိက္ခာများ ပြည်ပ သို့ တင်ပို့မှုကို ကန့်သတ်လိုက်သည်။ နိုင်ငံများစွာ ဆေးဝါးပစ္စည်းများ အလုအယက်ဝယ်ခဲ့ကြရသည်။ နယ်စပ်များ ကို ပိတ်လိုက်ကြသည်။ လေကြောင်း လိုင်းများစွာ အကျပ်ဆိုက်ရသည်။ ခရီးသွား ဝန်ဆောင်မှုလုပ်ငန်းများ ရုတ်တရက် တန့်သွားကုန်ကြသည်။ အချို့နိုင်ငံများမှာ မိမိတို့၏ ပြည်တွင်းရေးကိုသာ ပဓာနထားနေရကာ ပြည်ပနိုင်ငံများနှင့် စပ်ဆိုင်သော ကိစ္စများသို့ လှည့်ကြည့်၍ မအားလောက်အောင် ဖြစ်ရသည်။ ကိုဗစ်ကို အမှီပြုကာ နာမည်ဆိုးနှင့် ကျော်သော အစိုးရအချို့ တန်ခိုးပိုထွား လာသည်လည်း ရှိသည်။ ကိုဗစ်ကား လွတ်လပ်ခွင့်နှင့် ဒီမိုကရေစီ အလေ့အထများကိုပင် ရိုက်ခတ် ထိပါးလာတော့သည်။

သို့သော် . . .။
အမေရိကန်၊ ဗြိတိန်နှင့် ဥရောပ နိုင်ငံအချို့။ ဩစတေးလျနှင့် နယူးဇီလန်။ ဟောင်ကောင်။ စသည့်အရပ်များတွင်ကား ပြည်သူတို့သည် ကိုဗစ်ကို မမှုပါဘဲ အသားရောင်အခြေပြုခွဲခြားဆက်ဆံမှုကို တော်လှန်သော ဆန္ဒပြမှုများ၊ မတရားသော အုပ်ချုပ်မှုစနစ်များကို ဆန့်ကျင်သော ဆန္ဒပြမှုများကို လူစုလူဝေးနှင့် ပြုလုပ်ခဲ့ကြသည်။ အစိုးရတို့သည် ကိုဗစ်ကို အကြောင်းပြကာ လွတ်လပ်ခွင့်နှင့် ပုဂ္ဂလိက အခွင့်အရေးများကို အလွန်အကျွံ ထိန်းချုပ်ခြင်းကို ကြာရှည် လက်မခံနိုင်ကြောင်း ဤဆန္ဒပြပွဲများက တစ်နည်းတစ်ဖုံ ပြောနေဟန်ပင်။ ကိုဗစ် ကပ်အကြား မကြောက်မရွံ့ လမ်းမပေါ် လူစု လူဝေးများစွာ ထွက်လာခဲ့ကြသည်။ စုဆုံကြသည်။ တောင်းဆိုကြသည်။

ပြည်သူများ၏ လွတ်လပ်ခွင့်နှင့် အခွင့်အရေးများကို ကာကွယ်ပေးရန်မှာ အစိုးရများ၏ တာဝန်တစ်ရပ်လည်း ဖြစ်သည်။ သို့ရာတွင် ထိုလွတ်လပ်ခွင့်နှင့် အခွင့်အရေးများကို အစိုးရများက မျက်ကွယ်ပြုခဲ့ရသည့် အခါလည်းရှိ သည်။ အစိုးရတို့သည် ယခုအခါ ပြည်သူ့ ကျန်းမာရေး ကိစ္စများနှင့် နိုင်ငံရေး ကိစ္စရပ်များအကြား ဗျာများနေရချိန်လည်းဖြစ်သည်။ ကိုဗစ်ကပ်ကား အစိုးရများစွာတို့၏ စွမ်းဆောင်နိုင်ရည်ကို စစ်ဆေးသော စာမေးပွဲတစ်ရပ် လည်းဆိုနိုင်သည်။

လတ်တလော နိုင်ငံရေးဖြစ်ရပ်များကို ထောက်ရှုလျှင်ကား ဒီမိုကရေစီနှင့် လူ့အခွင့်အရေးအတွက် လူထုသည် ကိုဗစ်ကိုလည်းမမှုသော အနေအထား မျိုးဖြစ်နေသေးပေသည်။

Ref:

https://www.theatlantic.com/international/archive/2020/05/fragility-norms-united-kingdom-coronavirus-emergency-powers/611521/