သုံးရက်အတွင်း ယာဉ်ဥပဒေသစ်ဖြင့် အရေးယူခံရသည့် ဆိုင်ကယ်စီးသူ တစ်ရာကျော်

0
1455

တနင်္သာရီတိုင်းတွင် သုံးရက်တာ ကာလအတွင်း မော်တော်ယာဉ်ဥပဒေဖြင့် အရေးယူခံရသည့် ဆိုင်ကယ်စီးနင်းသူ တစ်ရာကျော်ရှိကြောင်း အမှတ် ၁၁ ယာဉ်ထိန်းရဲဒုတိယတပ်ဖွဲ့ ခွဲမှူးရုံး (တနင်္သာရီ)ထံမှ သိရသည်။

ထိုသို့ဖမ်းဆီးအရေးယူမှုများအနက် ဆိုင်ကယ်တွင် နောက်ကြည့်မှန်မတပ်သည့် အမှုက အများဆုံးဖြစ်ပြီး ၄၆ မှုအထိရှိခဲ့ပြီး ဦးထုပ်မဆောင်းသူ ၃၆ မှု ရှိသည်။

ဇူလိုင်လ ၁ ရက်နေ့မှ ၃ ရက်နေ့ အထိ ခရိုင်အလိုက် ဖမ်းဆီးခဲ့သည့် စာရင်း ဖြစ်သည်။

လက်ရှိတွင် အရည်အသွေးမီ ဆိုင်ကယ်စီးဦးထုပ်မဆောင်းခြင်း၊ နောက်ကြည့်မှန်မတပ်ခြင်းနှင့် လမ်းပြောင်းပြန်မောင်းနှင်မှုများကိုသာ ဦးစားပေးဖမ်းဆီးနေကြောင်း အမှတ် ၁၁ ယာဉ်ထိန်းရဲ ဒုတိယတပ်ဖွဲ့ခွဲမှူးရုံး (တနင်္သာရီ) မှ ရဲမှူးမိုးကျော်က ဆိုသည်။

“ယာဉ်မတော်တဆမှုဖြစ်ရင် လူကို ထိခိုက်နိုင်မယ့်ကိစ္စတွေပေါ့နော်။ အဲလောက်ပဲ ဦးစားပေးဖမ်းတာပါ” ဟု ရဲမှူး မိုးကျော်က ပြောသည်။
ဆိုင်ကယ်ရှေ့မီးမထွန်းသည့် ဆိုင်ကယ်များကိုမူ အသိပညာပေးမှုသာ လုပ်ဆောင်နေကြောင်း ၎င်းက ဆိုသည်။

ယခုပြဋ္ဌာန်းထားသည့် မော်တော်ယာဉ် ဥပဒေအသစ်က ယခင်ဥပဒေ အဟောင်းထက် ပြစ်မှုပြစ်ဒဏ် ပိုများနေသည်။

လက်ရှိတွင်လည်း ယာဉ်ထိန်းတပ်ဖွဲ့က စည်းကမ်းချက်နှင့် မကိုက်ညီသည့် ယာဉ်များကို စစ်ဆေးအရေးယူမှုများ လုပ်ဆောင်နေသည်။

ထိုကဲ့သို့အခြေအနေတွင် ကိုဗစ်ကပ်ဘေးကြောင့် ကညနရုံးလုပ်ငန်းများကို မတ်လ ၂၃ ရက်မှဇွန်လဆန်းအထိ ပိတ်ထားခဲ့သည်။

ထိုကြောင့် သက်တမ်းတိုးရမည့် ယာဉ်နှင့် ယာဉ်မောင်းလိုင်စင်များ သက်တမ်းတိုးခွင့် မရကြဘဲ လိုင်စင်အချို့က သက်တမ်းလွန်နေကြသည်။

ထိုကြောင့် ကညနက ယာဉ်နှင့် ယာဉ်မောင်းလိုင်စင်သက်တမ်းတိုးခြင်းကို ကာလအလိုက် ဒဏ်ကြေးကင်းလွတ်ခွင့်များ ပေးထားသည်။

လက်ရှိတွင် ကညန ရုံးလုပ်ငန်း များကို ဇွန်လ ၈ ရက်မှပြန်ဖွင့်သည့်အတွက် အဆိုပါရုံးတွင် သက်တမ်းတိုးသူများဖြင့် နေ့စဉ်ပြည့်နှက်နေသည်။ ထို့အပြင် ကိုဗစ်ကာလဖြစ်သည့်အတွက် လူစုလူဝေးဖြစ်စေမည့် ယာဉ်မောင်း လိုင်စင်အသစ် လုပ်ခွင့်မပြုသေးပေ။
ယင်းအခြေအနေမျိုးတွင် ယာဉ်လိုင်စင်နှင့် မောင်းလိုင်စင်သက်တမ်း ကုန်နေသူများကို မဖမ်းသင့်ကြောင်း ထောက်ပြပြောဆိုမှုများလည်း ရှိနေသည်။

ကိုဗစ်ကြောင့် ကညနရုံးပိတ်ထား ချိန်ကာလအတွင်း သက်တမ်းလွန်ယာဉ် များပြားပြီး လက်ရှိအချိန်ထိ သက်တမ်းတိုးရန် စောင့်နေရသူများလည်း ရှိနေသည့်အတွက် လိုင်စင်သက်တမ်းလွန်နေသူများကို မဖမ်းသင့်ကြောင်း ထားဝယ်မြို့နေ အသက် ၄၀ နှစ်အရွယ်ရှိ ဆိုင်ကယ်စီးနင်းသူတစ်ဦးက ဆိုသည်။

“အခုလက်ရှိက ဒိတ်ဝိုင်းစစ်မယ်၊ လိုင်စင်စစ်မယ်ဆိုရင် အစီးရေတစ်ရာ လာရင် အားလုံးနီးပါးမိမယ်။ သက်တမ်း တိုးတာက ကိုယ်ဝင်လုပ်လို့ရတာမှ မဟုတ်တာ။ နောက်ကြည့်မှန်၊ မီး၊ ဦးထုပ် စစ်မယ်ဆိုရင် အဆင်ပြေတယ်” ဟု အဆိုပါ အမျိုးသားက ပြောသည်။

ယာဉ်ထိန်းတပ်ဖွဲ့မှ ရဲမှူးမိုးကျော်ကမူ လက်ရှိအချိန်တွင် ယာဉ်မတော်တဆမှုကြောင့် လူအန္တရာယ်ဖြစ်နိုင်သည့် ဦးထုပ်မဆောင်းခြင်း၊ နောက်ကြည့်မှန်မတပ်ခြင်း အစရှိသည့် စည်း ကမ်းဖောက်ဖျက်မှုများကိုသာ ဦးစားပေးဖမ်းဆီးနေသည်ဟု ဆိုသည်။

ထို့အပြင် ဆိုင်ကယ်ဦးထုပ်မဆောင်းသူများနှင့် နောက်ကြည့်မှန်မတပ်သူများကို တစ်ပတ်လျှင်တစ်ရက်နှုန်း အသိပညာပေးအနေဖြင့် ဦးထုပ်နှင့် နောက်ကြည့်မှန် ဝယ်ယူတပ်ဆင်စေပြီး ပြန်လွှတ်နေကြောင်း ရဲမှူးမိုးကျော်က ပြောသည်။

ထားဝယ်ခရိုင်တွင် မတ်လမှ ဇွန်လအတွင်း သက်တမ်းကုန်မည့် ဆိုင်ကယ်အစီးရေ တစ်သောင်းနှစ်ထောင်ကျော်ရှိကြောင်း တိုင်းကညနရုံးထံမှ သိရသည်။