အဂတိလိုက်စားမှုဖြင့် အတိုင်ခံရသည့် ထားဝယ်စည်ပင်ဝန်ထမ်းသုံးဦးကို အရေးယူ

0
572

ထားဝယ်ကမ်းနားဈေး နေရာချထားမှုနှင့် ပတ်သက်၍ အဂတိလိုက်စား မှုတိုက်ဖျက်ရေးကော်မရှင်ထံ တိုင်ကြားခံထားရသည့် ထားဝယ်မြို့နယ် စည်ပင်သာယာရေးအဖွဲ့မှ ဝန်ထမ်းသုံးဦးကို ဌာနတွင်းအရေးယူမှုအဖြစ် နေရာပြောင်း ရွေ့လိုက်သည်။

မြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ အမှုဆောင်အရာရှိ၊ အင်ဂျင်နီယာမှူး၊ ဒုဦးစီးမှူး(ဈေး)တို့ကို ဌာနတွင်း အရေးယူမှုအဖြစ် နေရာအပြောင်းအရွှေ့လုပ်ဆောင်ခဲ့သည်ဟု တိုင်းဒေသကြီး စည်ပင်သာယာရေးအဖွဲ့ထံမှ သိရသည်။

ထားဝယ်ကမ်းနားဈေးကိစ္စနှင့် ပတ်သက်ပြီး အဂတိလိုက်စားသည်ဟုဆိုကာ အချက် ၅ ချက်ကို မတ်လ ၁၃ ရက်နေ့က တိုင်ကြားထားခြင်း ဖြစ်သည်။

စည်ပင်အဖွဲ့မှ ဒုဦးစီးမှူး(ဈေး)က ဈေးဆိုင်ခန်းနေရာအား စနစ်တကျ ချထားပေးမှုမရှိခြင်း၊ ကြွေပြားခင်းရန်ဟု ဆိုကာ ဆိုင်ခန်း ၈၀ ခန်းထံမှ တစ်ဆိုင်လျှင် ကျပ် ၇၅၀ဝ၀ နှင့် တစ်ခန်းလျှင် ကျပ် ၃၂၀ဝ၀ နှုန်းဖြင့် ဆိုင်ခန်း ၄၀ ကျော်ထံမှ ငွေကောက်ခံပြီး အလွဲသုံးစားလုပ်ထားကြောင်း တိုင်ကြားထားသည်။

ထို့အပြင် အမှုဆောင်အရာရှိနှင့် ဈေးတာဝန်ခံတို့က ၎င်းတို့နှင့် ရင်းနှီးသူများကို ဈေးဆိုင်ခန်း အများအပြားပေးထားခြင်းကြောင့် ကျန်ဈေးသည်များက ဆိုင်ခန်းမရတော့ဘဲ လမ်းမပေါ်ထွက် ရောင်းနေရကြောင်း အပါအဝင် အခြားအချက်များကိုလည်း တိုင်ကြားထားခြင်း ဖြစ်သည်။

အထက်ပါတိုင်ကြားထားသည့် ကိစ္စနှင့် ပတ်သက်၍ အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင် (ACC) က တိုင်းအစိုးရကပင် စစ်ဆေးပြီး လိုအပ်သလို အရေးယူရန် အကြောင်းကြားခဲ့သည်။

ထိုကြောင့် တိုင်းအစိုးရအဖွဲ့က ယင်းအမှုကို စုံစမ်းစစ်ဆေးရန် တိုင်းစည်ပင်သာယာရေးအဖွဲ့ထံ မေလနှောင်းပိုင်းတွင် ညွှန်ကြားခဲ့ကြောင်း တိုင်းဒေသကြီး လူမှုရေးနှင့် စည်ပင်သာယာရေးဝန်ကြီး ဦးဟိုပင်က ဆိုသည်။

တိုင်းစည်ပင်က စုံစမ်းစစ်ဆေးရေး အဖွဲ့ဖွဲ့ကာ စစ်ဆေးပြီးနောက် စစ်ဆေး တွေ့ရှိချက်၊ အကြံပြုချက်များကို တိုင်းအစိုးရထံ တင်ပြခဲ့ကြောင်း ၎င်းက ပြောသည်။

ထိုနောက် တိုင်းစည်ပင်က တင်ပြထားသည့် အကြံပြုချက်များအတိုင်း ဆက်လက်ဆောင်ရွက်ရန် ထပ်မံညွှန်ကြားခဲ့ကြောင်း ဦးဟိုပင်က ဆိုသည်။

“ဖတ်ရသလောက်ကတော့ စီမံ ခန့်ခွဲမှု အားနည်းချက် ရှိတယ်ပေါ့။ ငွေရေး ကြေးရေး အလွဲသုံးစားလုပ်တာတွေမျိုး ဆိုတာတွေတော့ မရှိဘူး”ဟု ၎င်းက ပြောသည်။

ယင်းတိုင်ကြားမှုနှင့်ပတ်သက်၍ ဌာနတွင်းစုံစမ်းစစ်ဆေး၍ အထက်ပါ ဝန်ထမ်း သုံးဦးကို ရာထူးလျှော့ခြင်းမရှိဘဲ နေရာအပြောင်းအရွှေ့ လုပ်ဆောင်ခဲ့ကြောင်း တိုင်းစည်ပင်သာယာရေးအဖွဲ့ ညွှန်ကြားရေးမှူးက ဆိုသည်။

“ဒီအပေါ်မှာ တာဝန်ခံမှု တာဝန်ယူ မှုနဲ့ လုပ်ထုံးလုပ်နည်းနဲ့အညီ ဝန်ထမ်းစည်းမျဉ်းစည်းကမ်းနဲ့အညီ ဆောင်ရွက်မှုရှိ မရှိဆိုတာမျိုးကို စစ်ဆေးချက်အပေါ် မှာ တွေ့ရှိတဲ့ဟာအပေါ်မှာကျွန်တော်တို့က ဒီလိုလုပ်ပါတယ်ဆိုတာမျိုးလောက်ပဲ သွားတာပါ” ဟု အဆိုပါ ညွှန်ကြားရေးမှူးက ပြောသည်။

အထက်ပါကိစ္စနှင့် ပတ်သက်သည့် တိုင်ကြားစာကို အဂတိလိုက်စားမှုတိုက် ဖျက်ရေးကော်မရှင်၊ တိုင်းအစိုးရ၊ တိုင်းလွှတ်တော်နှင့် တိုင်းစည်ပင်သာယာ ရေးအဖွဲ့ထံ ပေးပို့ခဲ့ကြောင်း ဦးဆောင်တိုင်ကြားသည့် အမျိုးသားက ပြောသည်။

စည်ပင်သာယာရေးကော်မတီနှင့် စည်ပင်သာယာရေးအဖွဲ့တို့ကို အဂတိ လိုက်စားမှု ကျူးလွန်နေသည်ဟု တိုင်ကြားထားခြင်း ဖြစ်သည်။

ထိုကိစ္စနှင့်ပတ်သက်၍ မြို့နယ် စည်ပင်သာယာရေးအဖွဲ့မှ ဝန်ထမ်းများကိုသာ အရေးယူဆောင်ရွက်ခဲ့သည်။

“ကျွန်တော်တို့ ဆက်လက်စောင့် ကြည့်ရမှာပေါ့။ တိုင်ကြားချက်ပြီးသွား ပြီးတော့ Action (အရေးယူ) ပြီးသွားတဲ့အခါမှာ နေမြဲတိုင်းပဲ ဈေးသည်တွေကလည်း ဘယ်လိုမှ ပြောင်းလဲမှုမဖြစ်သေးဘူးဆိုလို့ရှိရင်တော့ နောက်ဆက်တွဲအနေနဲ့ သွားသင့်ရင် သွားရမှာပေါ့” ဟု တိုင်ကြားသည့် အထက်ပါ အမျိုးသားက ပြောသည်။

အဂတိလိုက်စားမှုတိုက်ဖျက်ရေး ကော်မရှင်ထံ တိုင်ကြားထားသည့် အမှုများအနက် အချို့တိုင်ကြားစာများကို တိုင်းဒေသကြီး အစိုးရထံ ပြန်လွှဲပေးလေ့ ရှိသည်။

၂၀၁၇ ခုနှစ် မတ်လမှ ၂၀၁၉ ခုနှစ် အောက်တိုဘာလအထိ ၂ နှစ်ကျော် ကာလအတွင်း တိုင်စာ ၁၆ စောင် ပြန်လွှဲခဲ့ကြောင်း တနင်္သာရီတိုင်းဒေသကြီး အစိုးရအဖွဲ့ထံမှ သိရသည်။