နိုင်ငံရေးပါတီများ စည်းရုံးရေးကာလနှင့် ကိုဗစ်

0
778

ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်က နိုဝင်ဘာလ ၈ ရက်တွင် တစ်နိုင်ငံလုံး အထွေထွေရွေးကောက်ပွဲကို ကျင်းပမည်ဖြစ်ကြောင်း ယခုလအတွင်း တရားဝင်ကြေညာလိုက်သည်။

တစ်ဆက်တည်းမှာပင် နိုင်ငံတော် သမ္မတ၊ အတိုင်ပင်ခံပုဂ္ဂိုလ်တို့ အပါအဝင် ပြည်ထောင်စုအဆင့်ဝန်ကြီးများ အားလုံးသည်လည်း အခြေခံဥပဒေပြဋ္ဌာန်းချက်၊ ပြည်ထောင်စုအစိုးရအဖွဲ့ ဥပဒေပြဋ္ဌာန်းချက်တို့နှင့် ကိုက်ညီလျှင် ပါတီစည်းရုံးရေးကိစ္စ၊ နယ်မြေစည်းရုံးရေး ကိစ္စများကို ဆောင်ရွက်နိုင်ပြီဖြစ်ကြောင်း ရွေးကောက်ပွဲကော်မရှင်က ကြေညာလိုက်သည်။

တစ်ဘက်တွင် ကိုဗစ်ကပ်ရောဂါ ကူးစက်မှုကို ထိန်းချုပ်နိုင်ရန်အတွက် ထုတ်ပြန်ထားသော ကန့်သတ်ချက် အချို့က ရှိနေဆဲဖြစ်ပြီး လူစု၊ လူဝေး နှင့်ဆိုင်သည့် ကန့်သတ်ချက်တစ်ခုမှာ နိုင်ငံရေးပါတီများ၏ စည်းရုံးရေးကိစ္စအတွက် အဟန့်အတား ဖြစ်နေသည်။

တနင်္သာရီတိုင်း ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲ အတွင်းရေးမှူးကလည်း ပါတီစည်းရုံးရေးကိစ္စများကို ကိုဗစ်ထိန်းချုပ်ရေးအတွက် ထုတ်ပြန်ထားသည့် စည်းကမ်းများအတိုင်း လိုက်နာဆောင်ရွက်ရမည်ဖြစ်ကြောင်း ပြောသည်။

“ကိုဗစ်ထိန်းချုပ်ရေးအောက်ကပဲ သွားရမှာပါ။ ကိုဗစ်က အခုချိန်အထိ တန်းမဖြုတ်သေးဘူး။ အဓိကကတော့ Social distancing (လူစု၊ လူဝေးကိစ္စ) ပါ” ဟု ၎င်းက ပြောသည်။

ကိုဗစ်ကန့်သတ်ချက်အကြား စည်းရုံးရေးကိစ္စမည်သို့ လုပ်ဆောင်ရန်ရှိကြောင်း တိုင်းအတွင်းရှိ နိုင်ငံရေးပါတီ ခုနစ်ခုကို ဆက်သွယ်မေးမြန်းကြည့်ရာ ပါတီအများစုက ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန သတ်မှတ်ထားသည့် စည်းကမ်းချက်တို့နှင့်အညီ ဆောင်ရွက်မည်ဖြစ်ကြောင်း ပြောဆိုကြသည်။

တစ်ဘက်တွင် လူစု၊ လူဝေးဖြင့် စည်းရုံးရေးလုပ်ငန်းများ ပြုလုပ်ပါက အစိုးရက ထုတ်ပြန်ထားသော ကိုဗစ် ထိန်းချုပ်ရေး စည်းကမ်းချက်ကို ဖောက်ဖျက်ရာကျသဖြင့် သဘာဝဘေးအန္တရာယ် စီမံခန့်ခွဲမှုဥပဒေအရ အရေးယူခံရမည်ကို တိုင်းအတွင်းရှိ နိုင်ငံရေးပါတီ တာဝန် ရှိသူအချို့က စိုးရိမ်ကြောင်း ထုတ်ဖော် ပြောဆိုကြသည်။

“ပြဿနာက ဘာရှိနိုင်လဲဆိုတော့ ငါးဦးထက် ပိုမစုရဆိုတဲ့ဟာမျိုး ရှိတယ်။ တို့တွေလုပ်ရင် ဥပဒေနဲ့ ငြိမှာပေါ့လေ” တနင်္သာရီတိုင်း တိုင်းရင်းသားစည်းလုံး ညီညွှတ်ရေးပါတီ၏ ပါတီကော်မတီ အတွင်းရေးမှူး ဦးရွှေထွန်းက ပြောသည်။

တိုင်းအတွင်းရှိ ပါတီအများစုတွင် လူစု၊ လူဝေးကန့်သတ်ချက်ကို ကျော်လွှားပြီး စည်းရုံးရေးလုပ်ငန်းလုပ်နိုင်ရန် အစီအစဉ်ရှိ နေကြပြီ ဖြစ်သည်။

ပြည်ထောင်စုကောင်းကျိုးဆောင် ပါတီ၏ တိုင်းဥက္ကဋ္ဌ ဦးအေးဟန်ကမူ ငါးဦးစီလူစုပြီး လုပ်ဆောင်မည်ဟု ပြောသည်။

တနင်္သာရီတိုင်း ပြည်ထောင်စုကြံ့ ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ တိုင်းဥက္ကဋ္ဌ ဦးသန်းအောင်က လူနည်းနည်း၊ အကြိမ်ရေများများ လုပ်ဆောင်မည်ဟု ပြောသည်။

ထားဝယ်တိုင်းရင်းသားများပါတီ ဥက္ကဋ္ဌ ဦးအေးမင်းနှင့် ညီညွှတ်သော ဒီမိုကရက်တစ်ပါတီတိုင်းတာဝန်ခံ ဦးခင်မောင်လတ်တို့က တစ်အိမ်တက်ဆင်း စည်းရုံးရေးလုပ်ဆောင်မည်ဟု ပြောသည်။

ကိုဗစ်အကျပ်တည်းကာလအတွင်း လက်ရှိအာဏာရပါတီက စည်းရုံးရေး လုပ်ငန်းများတွင် အသာစီးယူထားကြောင်း ပါတီအချို့က ဝေဖန်နေကြသည်။

ယင်းအတွက်ကြောင့် လက်ရှိ အာဏာရပါတီ၏ လုပ်ဆောင်ချက်ကို စောင့်ကြည့်ပြီး ယင်းပါတီကလုပ် ဆောင်သည်အတိုင်း စည်းရုံးရေးလုပ်ငန်းများကို ဆောင်ရွက်မည်ဟု ဦးရွှေထွန်းက ပြောသည်။

တနင်္သာရီတိုင်း NLD ပါတီ ဒုဥက္ကဋ္ဌ ဦးကင်းရှိန်ကမှု တိုင်းအတွင်း ပါတီ စည်းရုံးရေးကိစ္စအတွက် မည်သို့လုပ် ဆောင်မည်ကို မဆုံးဖြတ်ရသေးကြောင်း ပြောဆိုသည်။

အမျိုးသားဒီမိုကရေစီအင်အားစု ပါတီ ဒုတိယခေါင်းဆောင် ဦးတိုးပိုကလည်း လတ်တလော ပါတီစည်းရုံးရေး လုပ်ငန်းများအတွက် အစီအစဉ်မရှိသေး ကြောင်း ပြောသည်။

ကိုဗစ်ကပ်ရောဂါသည် ယခုနှစ်တွင် ရွေးကောက်ပွဲဝင်မည့်ပါတီများ အားလုံးအတွက် စိန်ခေါ်မှုအသစ် ဖြစ်သည်။

သို့သော် ပြည်ထောင်စုရွေးကောက် ပွဲကော်မရှင်သည် ကိုဗစ်ကာလအတွင်း ပါတီများလိုက်နာရမည့် စည်းကမ်းချက်ကို လတ်တလောထုတ်ပြန်လာခြင်း မရှိသေးပေ။

လတ်တလော ရွေးကောက်ပွဲ ကော်မရှင်က ထုတ်ပြန်ထားသည်မှာ နိုဝင်ဘာလ ၈ ရက်တွင် ရွေးကောက်ပွဲ ကျင်းပမည့်အကြောင်းနှင့် လွှတ်တော်ကိုယ်စားလှယ်လောင်းများ အမည်စာရင်းတင်သွင်း၊ ရုပ်သိမ်းခြင်း ဆိုင်ရာ ကိစ္စ၊ ပြည်ထောင်စု ဝန်ကြီးများ စည်းရုံးရေး လုပ်ဆောင်နိုင်သည့်ကိစ္စ၊ ပြည်တွင်း၊ ပြည်ပမှ မဲဆန္ဒရှင်များ ကြိုတင်မဲပေးရေးကိစ္စတို့ ဖြစ်သည်။

ကိုဗစ်ထိန်းချုပ်ရေး ကန့်သတ် ချက်များကလည်း မည်သည့်အချိန်အထိ ဆက်ရှိနေမည်ကို မည်သူမျှ တပ်အပ်မပြောနိုင်သေးပေ။

လွှတ်တော်ကိုယ်စာလှယ်လောင်း များ အမည်စာရင်းအတည်ပြုပြီး မဲဆွယ်စည်းရုံးကာလအထိ ကိုဗစ်ထိန်း ချုပ်ကာလ ရှိနေနိုင်သလားဆိုသည်ကလည်း မေးခွန်းဖြစ်နေဆဲဖြစ်သည်။ ထားဝယ်တိုင်းရင်းသားများပါတီဥက္ကဋ္ဌ ဦးအေးမင်းကမူ ကိုဗစ်ကာလ မဲဆွယ် စည်းရုံးရေးအတွက် အောက်ပါအတိုင်း မှတ်ချက်ပြုသည်။

“ဘယ်လိုခံစားရလဲဆိုရင် တို့ကို ကြိုးနဲ့တုပ်ထားတယ်ဆို ခံစားရတယ်။ သဘောကတော့ အဲ့ဒါပဲ။ ကိုဗစ်ကာလ မှာ မဲဆွယ်စည်းရုံးဖို့ကိုတော့ တစ်အိမ် တက်တစ်အိမ်ဆင်းလုပ်မှ ရမှာပေါ့။ ဖိတ်စာကမ်းတဲ့ ပုံစံပဲလုပ်မှ ရမှာပေါ့။ စည်းရုံးခွင့်လည်း မရှိဘဲကိုး”

ကျော်သူစိုး