မိကျောင်းကိုက်ခံရသည့် ကလေး ရှာမတွေ့သေး

0
478

ဘုတ်ပြင်းမြို့နယ်၊ မနိုးရုံးကျေးရွာအုပ်စု၊ မနိုးရုံးချောင်းတွင် ရေဆင်းကူး သည့် ကလေးငယ်တစ်ဦး မိကျောင်းကိုက်ခံရပြီး မိကျောင်းရော ကလေးပါ ရှာမတွေ့သေးကြောင်း ယင်းကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးက ပြောသည်။

မနိုးရုံးချောင်းတွင် ဇွန်လ ၂၂ ရက် နေ့ ညနေ ၃ နာရီခွဲအချိန်ခန့်က အသက် ၁၁ နှစ်အရွယ် ကလေးတစ်ဦး မိကျောင်း ဆွဲသွားခဲ့ခြင်းဖြစ်ပြီး ဇွန်လ ၂၅ ရက်အထိ ရှာဖွေခဲ့သော်လည်း တွေ့ရှိရခြင်း မရှိသေးကြောင်း မနိုးရုံးကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး မန်းထွန်းမြင့်သိန်းက ပြောသည်။

“ကျွန်တော်တို့ သုံးရက်ဆက်တိုက် ရှာပြီးပြီ၊ ရှာလို့ မတွေ့သေးပါဘူး။ ဒီနေ့တော့ နားထားပါတယ်” ဟု ၎င်းက ပြောသည်။

ဘုတ်ပြင်းမြို့နယ်၊ မနိုးရုံးကျေးရွာနေ အသက် ၁၁ နှစ်အရွယ် ယောကျာ်းလေးနှစ်ဦး ချောင်းအတွင်းရေဆင်းကူးကြပြီး လှေဆိပ်နေရာအရောက်တွင် မိကျောင်းတစ်ကောင်မှ ဆွဲယူသွားခြင်းဖြစ်ကြောင်း အုပ်ချုပ်ရေးမှူးက ပြောပြသည်။

“ရေကူးနေတဲ့ ကလေးနှစ်ယောက်နဲ့ ကမ်းပေါ်ရှိနေတဲ့ လူကြီးတစ်ယောက်က ရေလှိုင်းတွေထပြီး ဆွဲသွားတာ မြင်လိုက်ရတယ်။ မိကျောင်း ဘယ်အရွယ်ဆိုတာတော့ သူတို့ သေချာ မမြင်လိုက်ရ ဘူးပေါ့” ဟု အုပ်ချုပ်ရေးမှူးက ပြောသည်။

မိကျောင်းဆွဲသည်ကို အတူရေကူးနေသည့် ကလေးကမြင်တွေ့ပြီး ကမ်းပေါ် ပြေးတက်ကာ ဓနိဖက်ခုတ်ရာမှပြန်လာသည့် အမျိုးသားတစ်ဦးအား အကူအညီတောင်းရာ ၎င်းက အုပ်ချုပ်ရေးမှူးအား အကြောင်းကြားခဲ့ပြီးနောက် သုံးရက်တိုင်တိုင် လိုက်လံရှာဖွေခဲ့ကြခြင်း ဖြစ်သည်။

မနိုးရုံးချောင်းတွင် ကလေးငယ်များ မကြာခဏ ရေဆင်းကူးကြပြီး မိကျောင်းက လူကိုဆွဲသည့် ယင်းဖြစ်စဉ်မျိုး ယခင်က မရှိခဲ့ဖူးကြောင်း အုပ်ချုပ်ရေးမှူးနှင့် ရွာသားတစ်ချို့က ဆိုသည်။

“မိကျောင်းက တိရစ္ဆာန်တွေကိုပဲ ဆွဲတာကြားဖူးတယ်။ လူကိုဆွဲတာက ဟိုးတုန်းက တစ်ကြိမ်ကြားဖူးတယ် ခုဆိုနှစ်ကြိမ်ရှိပြီပေါ့” ဟု အုပ်ချုပ်ရေးမှူး မန်းထွန်းမြင့်သိန်းက ပြောပြသည်။

မနိုးရိုးချောင်းသည် လေညာမြစ်အတွင်းသို့ စီးဝင်ခြင်းဖြစ်ပြီး အဆိုပါ လေညာမြစ်တလျှောက်တွင် မိချောင်းများ မကြာခဏ တွေ့ရလေ့ရှိကြောင်း မန်းဆွေမြင့်က ပြောသည်။

အဆိုပါ လေညာမြစ်တစ်လျှောက်တွင် ၂၀၁၈ ခုနှစ်တွင် မိကျောင်း တစ်ကောင်၊ ၂၀၁၉ ခုနှစ်တွင် တစ် ကောင် ဖမ်းမိခဲ့ဖူးကြောင်း သိရသည်။

လတ်တလောတွင် လေညာမြစ်တစ်လျှောက်နှင့် ယင်းမြစ်နှင့် ဆက်စပ်ချောင်းများတွင် မိချောင်းများကို ပိုအတွေ့ ရများလာပြီး ၎င်းက ပြောသည်။

“သတိမထားဘဲနေရင်တော့ မိချောင်းအန္တရယ်က ပိုကြီးလာမယ်လို့ ပြောလို့ရ တယ်ပေါ့နော်” ဟု တိုင်းလွှတ်တော်ကိုယ်စားလှယ် မန်းဆွေမြင့်က ဆိုသည်။

မိကျောင်းများသည် တနင်္သာရီတိုင်းအတွင်း ကမ်းရိုးတန်းဒေသများဖြစ်သည့် ပုလောမြို့နယ်၊ တနင်္သာရီမြို့နယ်၊ ကျွန်းစုမြို့နယ်၊ ဘုတ်ပြင်းမြို့နယ်နှင့် ကော့သောင်းမြို့နယ်များရှိ ရေချိုရေငန် စပ်မြစ်များ ချောင်းများအတွင်း နေထိုင်ကျက်စားလေ့ရှိပြီး ဘုတ်ပြင်းမြို့နယ်၊ လေညှာမြစ်မှ စီးဆင်းလာသည့် မြစ်လေးဆုံအနီး တစ်ဝိုက်တွင် အများဆုံးနေထိုင် လေ့ရှိကာ ရံဖန်ရံခါ လူများအား ကိုက်ဖြတ်စားသောက်လေ့ရှိကြောင်း သုတေသနမှတ်တမ်းများနှင့် ဒေသခံတို့ထံမှ သိရသည်။

ကိုဆန်း၊ ကျော်သူစိုး