နဝမတန်း (ပြင်ပဖြေ) စာမေးပွဲ ဇူလိုင် ၂၁ ရက် ကျင်းပမည်

0
578

အခြေခံပညာ နဝမတန်း(ပြင်ပဖြေ) စာမေးပွဲကို ဇူလိုင် ၂၁ ရက်မှ ၂၃ ရက်နေ့အထိ တစ်ရက် နှစ်ဘာသာနှုန်းဖြင့် ကျင်းပသွားမည်ဖြစ်ကြောင်း တိုင်းပညာရေးမှူးရုံးထံမှ သိရသည်။

အဆိုပါ စာမေးပွဲကို နှစ်စဉ် မေလအတွင်း ကျင်းပလျက်ရှိရာ ယခုနှစ်တွင် ကိုဗစ်ကပ်ရောဂါကြောင့် ဇူလိုင် ၂၁ ရက်သို့ ပြောင်းလဲကျင်းပခဲ့ခြင်းဖြစ်ကြောင်း တိုင်းပညာရေးမှူးရုံးမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်မေစန္ဒာလွင်က ပြော သည်။

“တကယ်ဆို ၅ လပိုင်းမှာ ဖြေရတာ၊ အဲ့ဒီကနေပြီးတော့ ကိုဗစ်ဖြစ်ပြီးတော့ ရက်တွေ ပြောင်းပြောင်း ပြောင်းနဲ့ အခု ဇူလိုင်ရောက်လာတာပေါ့” ဟု ဒေါ်မေစန္ဒာလွင်က ဆိုသည်။

စာမေးပွဲခန်းတွင် တစ်ဦးနှင့်တစ်ဦး ၆ ပေအကွာထားရှိကာ အခန်းတစ်ခန်းတွင် လူဦးရေ ၂၀ နှုန်းဖြင့် ဖြေဆိုရမည်ဖြစ်ကြောင်း ၎င်းက ပြောသည်။

ထားဝယ်ခရိုင်တွင် စာမေးပွဲဖြေဆိုမည့် ကျောင်းသူ ကျောင်းသား ၂၀ ဦး ရှိပြီး စာမေးပွဲကို ထားဝယ် အ.ထ.က(၂) တွင် ကျင်းပမည်ဖြစ်ကြောင်း ထားဝယ်မြို့နယ် ပညာရေးမှူးရုံးမှ ဒုတိယပညာရေးမှူး ဦးကြည်ရှိန်က ပြောသည်။

အဌမတန်းအောင်မြင်ပြီးသော်လည်း အကြောင်းအမျိုးမျိုးကြောင့် ကျောင်းဆက်မတက်နိုင်သူများနှင့် နဝမတန်းကျ ထားသူများကို ကျောင်းနေနှုန်း မြင့်မားလာစေရန်၊ ကျောင်းထွက်နှုန်းလျော့နည်းစေရန်၊ ကျောင်းပြန်တက်နိုင်မည့် အခွင့်အရေးများ ရရှိနိုင်စေရန် ရည်ရွယ်၍ နဝမတန်း ပြင်ပဖြေ စာမေးပွဲများကို ကျင်းပခြင်းဖြစ်ကြောင်း တိုင်းပညာရေးမှူးရုံးထံမှ သိရသည်။

ပြီးခဲ့သည့်နှစ်က နဝမတန်း ပြင်ပဖြေ စာမေးပွဲဖြေဆိုသူ ထားဝယ်ခရိုင်တွင် ၂၀ ဦး မြိတ်ခရိုင်တွင် ၇၆ ဦးရှိကြောင်း အထက်ပါဌာနမှ သိရသည်။

မိုးမြင့်