အခြေခံကျောင်းသားများ အမည် နှင့် မွေးသက္ကရာဇ်ပြောင်းကိစ္စ ဖြေလျှော့ပေး

0
580

ယခုပညာသင်နှစ်မှစပြီး အခြေခံ ကျောင်းသားများနှင့် မိဘများ၏ အမည်ပြောင်း၊ မွေးသက္ကရာဇ်ပြောင်းခြင်းများကို အခြေခံပညာဦးစီးဌာနက ဖြေလျှော့ပေးလိုက်ကြောင်း တနင်္သာရီတိုင်းပညာရေးမှူး ရုံးထံမှ သိရသည်။

ယခင်က အမည်ပြောင်းလျှောက်လွှာများကို အခြေခံပညာဦးစီးဌာနအထိ တင်ပြရပြီး ယခုဖြေလျှော့ပေးချက်အရ မြို့နယ်၊ ခရိုင်၊ တိုင်းအဆင့်များတွင်ပင် ယင်းကိစ္စကို ဆောင်ရွက်နိုင်လာမည် ဖြစ်သည်။

ယင်းအပြင် ယခင်က အမည်ပြောင်း လျှောက်လွှာနှင့်အတူ တင်ပြနေရသော ရဲစခန်းထောက်ခံချက်ကိုလည်း တင်ပြရန် မလိုတော့ကြောင်း သိရသည်။

မွေးသက္ကရာဇ်ပြောင်းခြင်းကိုမူ အခြေခံပညာဦးစီးဌာနအထိ တင်ရမည်ဖြစ်သော်လည်း ယခင်က တင်ပြနေရသည့် အချက်များအနက် အချို့အချက်များကို ပြင်ဆင်ဖြေလျော့မှုပေးထားသည်ကို တိုင်းပညာရေးမှူးရုံးထံ ညွှန်ကြားစာများအရ သိရသည်။

ယခင်က မွေးသက္ကရာဇ်ပြောင်းရာတွင် မိဘတစ်ဦး၏ ထောက်ခံချက်နှင့် အခြားမိဘတစ်ဦး၏ ထောက်ခံချက်တို့ကိုပါ တင်ပြရမည့်အစား ကျောင်းအုပ်က လက်မှတ်ရေးထိုးထားသော ကျောင်းဝင် မှတ်ပုံတင်(ခ) စာရင်းကိုသာ တင်ပြရမည်ဖြစ်ကြောင်း တိုင်းပညာရေးမှူးရုံးထံမှ သိရသည်။

ယင်းကဲ့သို့ ဖြေလျှော့မှုပေးခြင်းကြောင့် ကျောင်းသားမိဘအတွက်ရော၊ ဆရာ၊ ဆရာမများအတွက်ပါ အချိန်ကုန် လူပန်းကိစ္စကို လျော့နည်းလာမည်ဖြစ်ကြောင်း တိုင်းပညာရေးမှူးရုံးမှ ဒုတိယညွှန်ကြားရေးမှူး တစ်ဦးက ပြောသည်။

“အဆင့်ဆင့် တင်ပြစရာမလိုတဲ့အတွက်ကြောင့် ကိုယ့်တိုင်း၊ ကိုယ်ဒေသမှာပဲ ပြီးတယ်ဆိုတော့ အားလုံးအချိန်ကုန် သက်သာသွားကြမယ်ပေါ့။ အချိန် တအားစောင့်စရာ မလိုတော့ဘူးပေါ့” ဟု ၎င်းက ဆိုသည်။

စာမေးပွဲဖြေဆိုသည့်ကိစ္စ၊ ကျောင်း ထောက်ခံစာကိစ္စ၊ ဆရာများ၏ အမှုထမ်း သက်တမ်းကိစ္စများကိုလည်း သက်ဆိုင်ရာ ကျောင်းများကသာ တာဝန်ယူ၊ တာဝန်ခံ လုပ်ဆောင်ကြရန်လည်း အခြေခံပညာ ဦးစီးဌာနက ယခုပညာသင်နှစ်တွင် ဖြေလျှော့မှုပေးထားကြောင်း တိုင်းပညာရေးမှူးရုံးထံမှ သိရသည်။

ကျော်သူစို