ကျူဝင်ရန်သွားခေါ်ရာမှ ဓားဖြင့် လိုက်ခုတ်သည်ဟုဆိုကာ သေနတ်ပစ် ဖမ်း

0
1654

ထိုင်းနိုင်ငံမှ ဝင်ရောက်လာသည့် မိသားစုအား ကိုဗစ်ထိန်းချုပ်ရေးစခန်းတွင် ကျူဝင်ရန်အုပ်ချုပ်ရေးအဖွဲ့မှ သွားရောက်ခေါ်ယူစဉ် ဓားဖြင့် လိုက်ထိုးသည်ဟုဆိုကာ ရဲတပ်ဖွဲ့မှသေနတ်ပစ်ကာ ဖမ်းဆီးခဲ့သည်ဟု ကျေးရွာအုပ်ချုပ်ရေးမှူး နှင့်ကာယကံရှင်များထံမှ သိရသည်။

ကော့သောင်းခရိုင် ဘုတ်ပြင်းမြို့နယ်၊ ပြည်ကြီးမဏ္ဍိုင်မြို့၊ ထောင်ငါးသိုင်းကျေးရွာအုပ်စု၊ ချောင်းမွန်ငါးကျေးရွာတွင် ဇွန်လ၂၃ရက်နေ့က ထိုင်းနိုင်ငံမှဝင်လာသည့် မြန်မာအလုပ်သမား မိသားစုဝင်လေးဦးရောက်ရှိနေကြောင်း သတင်းရသဖြင့် ကျူဝင်ရန် သွားခေါ်စဉ် အိမ်ရှင်ဖြစ်သူဦးသိန်းနိုင်ဦးက ဓားဖြင့်ရန်ပြုခဲ့သည်ဟု ထောင်ငါးသိုင်းကျေးရွာ အုပ်စု အုပ်ချုပ်ရေးမှူး ဦးလွင်မိုးသူက ပြောသည်။

“ဓားမြှောင်ဆွဲထုတ်ပြီး ကျွန်တော့ကို ထိုးဖို့လုပ်တော့ နောက်ဆုတ်ပြီးထွက် ပြေးလာခဲ့ရတယ်” ဟု ၎င်းက ပြောသည်။

ယင်းသို့ရန်ပြုခဲ့သည့်အတွက် ယင်းနေ့ညပိုင်းတွင် ဦးသိန်းနိုင်ဦးအား ရဲတပ်ဖွဲ့ဝင်များမှ သွားရောက်ခေါ်ယူရာ ၎င်းမှာနေအိမ်အရှေ့ဘက် ကိုင်းတောထဲတွင် အိပ်နေပြီးဓားနှစ်ချောင်းနှင့် ပြန်လည်ခုခံခဲ့သည့်အတွက် ရဲတပ်ဖွဲ့မှ သေနတ်ဖြင့် ခြောက်လှန့်ပစ်ခတ်ခဲ့သည်ဟု ဦးလွင်မိုးသူက ဆိုသည်။

“တကယ်လို့ ဗိုလ်လေးမပစ်ဘူး ဆိုရင်သူလည်း အခုတ်ခံရမှာပဲ။ သူက ဓားမြှောင်တစ်ချောင်း ဓားကောက်တစ်ချောင်းနဲ့ရမ်းနေတာ” ဟု ၎င်းက ပြောသည်။

သို့သော်ကာယကံရှင်၏ ဇနီးဖြစ်သူ ဒေါ်မာလာကမူ ဖမ်းဆီးရာ၌ရဲအပါအဝင် လူဆယ့်ခြောက်ဦး ခန့်အတင်းဝင်ရောက် အင်အားသုံးခဲ့ပြီး မိမိယောကျာ်းသည် ပြန်လည်ခုခံခြင်းမရှိဘဲ အပစ်ခံခဲ့ရသည်ဟု ဆိုသည်။

ယင်းသို့ပစ်ခတ်ခဲ့သည့်အတွက် ဦးသိန်းနိုင်၏ ဝဲဘက်ပေါင်အရင်းသို့ ကျည်ဖောက်ဝင်ဒဏ်ရာတစ်ချက်ရရှိခဲ့ပြီး ထပ်မံဖမ်းဆီးရာမှ ဓားဖြင့်ဆက်လက် ထိုးခုတ်သဖြင့် ပစ်ခတ်ရာဝဲခြေသလုံးအလယ်သို့ ကျည်ဖောက်ဝင်ဒဏ်ရာ တစ်ချက် (မစိုးရိမ်ရ) ဒဏ်ရာများရရှိပြီး၊ ပြည်ကြီးမဏ္ဍိုင် တိုက်နယ်ဆေးရုံသို့ပို့ ဆောင်ခဲ့ကြောင်း အုပ်ချုပ်ရေးမှူးထံမှသိ ရှိရသည်။

ထိုင်းနိုင်ငံနယ်စပ်ကော့သောင်းမြို့နယ် ခမောက်ကြီးမြို့၊ အေးချမ်းသာရွာမှတစ်ဆင့် ဝင်ရောက်လာသည့် ဆွေမျိုး မိသားစုလေးဦး မရောက်ခင်အချိန် ကတည်းက အုပ်ချုပ်ရေးအဖွဲ့အားအသိပေးခဲ့ကြောင်း၊ ထိုသို့ ရောက်လာသူများကို အိမ်တွင်းသို့ဝင်ခွင့်မပြုခဲ့ဘဲ အိမ်အပြင်ဘက် ကားလမ်းနံဘေးတွင်ထားကာ ကိုဗစ်ထိန်းချုပ်ရေး စခန်းသို့ခေါ်သွားနိုင်ရန် အုပ်ချုပ်ရေးအဖွဲ့အားခေါ်ယူခဲ့ရာမှ ၎င်းတို့ဇနီးမောင်နှံအားလိုက်ပို့ခိုင်းသည့်အတွက် လင်ယောကျာ်းဖြစ်သူနှင့် စကားအချေအတင်များခဲ့ကြောင်း ဦးသိန်းနိုင်ဦး၏ ဇနီးဖြစ်သူ ဒေါ်မာလာက ပြောသည်။

“သူက နည်းနည်းသောက်ထားတယ်။ ညဘက်ဆိုမျက်စိလည်း မမြင်တော့ လိုက်မပို့နိုင်ဘူးပေါ့။ ပြောရင်းနဲ့ ဒေါသထွက်ပြီး အဝတ်ပတ်ထားတဲ့ ဓားကိုဆွဲထုတ်ပြ လိုက်တာပဲရှိတယ်။ ဟိုကပြေး သွားတယ်” ဟု ၎င်းက ပြောသည်။

ထိုင်းနိုင်ငံမှ ဝင်ရောက်လာသူ လေးဦးအား လက်ရှိအချိန်တွင် ဘုတ်ပြင်းမြို့၊ မိုးလုံလေလုံအားကစားရုံရှိကိုဗစ် ထိန်းချုပ်ရေးစခန်းသို့ ပို့ပေးခဲ့ပြီးဖြစ်ကြောင်း အုပ်ချုပ်ရေးမှူးထံမှ သိရသည်။

လက်ရှိဦးသိန်းနိုင်တွင် သေနတ်ဒဏ်ရာနှစ်ချက်၊ မေးစေ့ကွဲဒဏ်ရာ ငါးချက်ချုပ်နှင့် လက်တစ်ချောင်းကျိုးကာ မြိတ်ပြည်သူ့ဆေးရုံကြီးသို့ တက်ရောက်ကုသနေရကြောင်း ၎င်း၏ဇနီးဖြစ်သူ ဒေါ်မာလာက ပြောပြသည်။

ကိုဆန်း