မူးယစ်ဆေးဝယ် အပေါင်ခံ ဖုန်းတစ်လုံးနှင့် မိသားစုဝင်သုံးဦး၏ အသက်များ

0
1042

ရဲတပ်ဖွဲ့ကတော့ အပေါင်ခံထားသည့် ဖုန်းတစ်လုံးပြန်ရလိုမှုဖြင့် လူသုံးဦးကို သတ်ခဲ့ကြောင်း ကောက်ချက်ဆွဲ ထားသည်။

ရေဖြူမြို့နယ်တွင် ဖြစ်ပွားခဲ့သည့် သုံးလောင်းပြိုင်လူသတ်မှုမှ စွပ်စွဲခံရသူ လေးဦးကို ဖမ်းဆီးထားပြီး ထိုသို့ အမှုတည်ဆောက်ထားခြင်း ဖြစ်သည်။

ရေဖြူမြို့နယ်တွင် ဇွန်လ ၁၃ ရက် နေ့က ဖြစ်ပွားခဲ့သည့် သုံးလောင်းပြိုင် လူသတ်မှုကျူးလွန်သည်ဆိုသည့် အမျိုးသားလေးဦးကို ဖမ်းမိထားပြီး ရမန်နှစ်ပတ် (ရက်သုံးဆယ်) အတွင်း တရားစွဲတင်မည်ဖြစ်ကြောင်း တနင်္သာရီတိုင်း ရဲတပ်ဖွဲ့တာဝန်ရှိသူများက ပြောသည်။

ထားဝယ်-ရန်ကုန်ကားလမ်းပေါ် ၂၄ မိုင် ၃ ဖာလုံတွင်တည်ရှိသည့် မီးရထားသံလမ်း ဂိတ်စောင့်အိမ်တွင် အသက် တစ်နှစ်ကျော်အရွယ် ကလေးတစ်ဦး အပါအဝင် မိသားစုသုံးဦးကို ဓားဖြင့်သတ်သွားခြင်း ဖြစ်သည်။

အသတ်ခံရပြီးနောက် ရဲတပ်ဖွဲ့က သေဆုံးသူနှင့် နောက်ဆုံးဆက်သွယ်ခဲ့သည့် ဖုန်းနံပါတ်များ အပါအဝင် အချက်အလက်ပေါင်း ၂၂ ခုကို အခြေခံကာ စုံစမ်းစစ်ဆေးခဲ့ကြောင်း ထားဝယ် ခရိုင်ရဲတပ်ဖွဲ့မှူး ဒုရဲမှူးကြီးလှိုင်မင်းထွန်းက ဆိုသည်။

ယင်းသို့စုံစမ်းရာ သေဆုံးသူကို ဆက်သွယ်ခဲ့သည့် ဖုန်းနံပါတ်လေးလုံး ကိုဆက်သွယ်ရာ နောက်ဆုံးဆက်သွယ်ခဲ့သည့် MPT ဖုန်းနံပါတ်က ခေါ်ဆိုမရသည်ကို ကြုံခဲ့ရကြောင်း ၎င်းက ပြောသည်။

ထိုနောက် ဖုန်းနှင့် ပတ်သက်သည့်အပြင် မူးယစ်ဆေးနှင့် ဆက်နွှယ်နေသည့် မသင်္ကာဖွယ် လူငယ်သုံးဦးကို ထိန်းသိမ်းခဲ့သည်ဟု ဆိုသည်။

ပန်းရောင်အိမ်ကလေး၏ ကြမ္မာ

ထိုလူငယ် သုံးဦးအနက် လူငယ်တစ်ဦး၏ ဖုန်းတွင် အထက်ပါဖုန်းနံပါတ်ကို ရိုက်နှိပ်ရာ တယ်လီဖုန်း ဆက်သွယ်စာရင်းတွင် အသက် ၂၂ နှစ်အရွယ် အမျိုးသားတစ်ဦး၏ အမည်ပေါ်လာကြောင်း ဒုရဲမှူးကြီးလှိုင်မင်းထွန်းက ပြောသည်။

ထိုသူကို အမျိုးသား (ဂ) အဖြစ် ယခုသတင်းတွင် အမည်ပေးထားပြီး ကျန်ရှိသူများကိုလည်း အမျိုးသား (က)၊ (ခ)၊ (ဃ) ဟု မှတ်သားရန် လွယ်ကူစေရန် အလို့ငှာ အမည်တပ်ဖော်ပြသွားမည် ဖြစ်သည်။

ယင်းနောက် ဇွန်လ ၂၃ ရက်နေ့တွင် အဆိုပါအမျိုးသားနေထိုင်သည့် ဥဿရံကျေးရွာတွင် သွားရောက်ဖမ်းဆီးခဲ့ရာ ယင်းအမျိုးသားနှင့်အတူ အသက် ၂၇ နှစ်အရွယ် အမျိုးသား (အမျိုးသား ခ) တို့ အတူရှိနေသည့်အတွက် နှစ်ဦးစလုံးကို ဖမ်းဆီးခဲ့သည်ဟု ဆိုသည်။

ထိုအမျိုးသားနှစ်ဦးကို စစ်ဆေးရာ ဇွန်လ ၂၃ ရက် ည ၇နာရီခန့်တွင် ယင်းဖုန်းကို ဥဿရံရွာနေ အသက် ၂၄ နှစ်အရွယ် အခြားအမျိုးသားတစ်ဦး (အမျိုးသား ဃ) က ငှားသွားခဲ့သည်ဟု ထွက်ဆိုသဖြင့် ယင်းအမျိုးသားကိုလည်း သွားဖမ်းခဲ့ကြောင်း ၎င်းက ပြောသည်။

အထက်ပါ အမျိုးသား ၃ ဦးကို စစ်ဆေးရေးအဖွဲ့ သုံးဖွဲ့ခွဲကာ စစ်ဆေးချိန်တွင်မူ လူသတ်မှုကျူးလွန်သူမှာ အသက် ၂၉ နှစ် အရွယ်ရှိ အခြားအမျိုးသားတစ်ဦး (အမျိုးသား က) ဖြစ်နေသည်ကို ယေဘုယျသိရခဲ့သည်ဟု ဆိုသည်။

ကျူးလွန်သည်ဟု စွပ်စွဲခံထားရသည့် အမျိုးသားမှာ ရေးမြို့ရှိ မိဘအိမ်သို့ရောက်ရှိနေကြောင်း သိရသည့်အတွက် ဇွန်လ ၂၄ ရက်နေ့တွင် သွားရောက်ဖမ်းဆီးခဲ့သည်ဟု ဒုရဲမှူးကြီးလှိုင်မင်းထွန်းက ပြောသည်။

ရေးမြို့တွင် သွားဖမ်းခဲ့သည့် အမျိုးသားကို အသေးစိတ်စစ်ဆေးရာ ဇွန်လ ၁၂ ရက်ညတွင် အထက်ပါ အမျိုးသားလေးဦးက WY စိတ်ကြွဆေးကို သေဆုံးသူထံမှဝယ်ယူပြီး အတူသုံးစွဲခဲ့ကြောင်း ထွက်ဆိုသည်ဟု ဆိုသည်။

WY ကို ပထမအကြိမ်သုံးပြီး နောက်ထပ်သုံးစွဲချင်သည့်အတွက် သေဆုံးသူ၏ နေအိမ်သို့ ဒုတိယအကြိမ် သွား ဝယ်ခဲ့သည်ဟု ထွက်ဆိုကြောင်း ၎င်းက ပြောသည်။

ယင်းကဲ့သို့ ဒုတိယအကြိမ် သွားဝယ်ရာတွင် အမျိုးသား (က) နှင့် အမျိုးသား (ခ) တို့က အတူသွားခဲ့ခြင်း ဖြစ်ပြီး ငွေမပြည့်သည့်အတွက် ငှားသွားသည့်ဖုန်းကို အပေါင်အဖြစ်ထားခဲ့ကြောင်း ဒုရဲမှူးကြီးလှိုင်မင်းထွန်းက ဆိုသည်။

ထိုနောက် ဝယ်လာသည့် မူးယစ်ဆေးကိုသုံးစွဲပြီးချိန်တွင် ဖုန်းပိုင်ရှင်ဖြစ်သည့် အမျိုးသား (ဂ) က ဖုန်းကိုပြန်ယူ ပေးရန်ပြောဆိုရာမှ ဖုန်းပြန်ယူရန် ဇွန်လ ၁၃ ရက် နံနက် ၁ နာရီကျော်တွင် အခင်းဖြစ်နေအိမ်သို့ သွားရောက်ခဲ့သည်ဟု ဆိုသည်။

အခင်းဖြစ်နေအိမ်ရောက်ရှိချိန်တွင် ပေါင်ထားသည့် ဖုန်းကိုပြန်တောင်းရာမှ စကားများကြပြီးနောက် မိသားစုသုံးဦးကို ဓားဖြင့် ထိုးသတ်ခဲ့သည်ဟု ထွက်ဆိုကြောင်း ဒုရဲမှူးကြီးလှိုင်မင်းထွန်းက ပြောသည်။

သေဆုံးသူ၏ နေအိမ်ကို စစ်ဆေးချိန်တွင် စိတ်ကြွဆေး နှစ်ပြားခွဲခန့်ကို တွေ့ရှိသည့်အပြင် အခြားအထောက်အထားများအရ ၎င်းမှာ WY စိတ်ကြွ ဆေးရောင်းချနေသူတစ်ဦးဖြစ်ကြောင်း ထားဝယ်ခရိုင် ရဲတပ်ဖွဲ့မှူး ဒုရဲမှူးကြီး လှိုင်မင်းထွန်းက ဆိုသည်။

“အခင်းဖြစ်နေအိမ်မှာတွေ့ရှိရတဲ့ မူးယစ်ဆေးဝါး နှစ်ပြားခွဲကျော်နဲ့ မူးယစ်ဆေးဝါးပေးပို့ရာမှ ဆောင်ရွက်ထားတဲ့ငွေ လွှဲပြေစာ ဖြတ်ပိုင်းများကို အခြေခံပြီးတော့ မူးယစ်ဆေးဝါးနဲ့ ပတ်သက်ဆက်နွယ် နိုင်တယ်လို့ သုံးသပ်ပြီး ကျေးရွာမှာရှိတဲ့ လူငယ်လူရွယ်များ မူးယစ်ဆေးဝါးနဲ့ ပတ်သက်ဆက်နွှယ်မှုများကို အလေး ထားပြီးတော့ စုံစမ်းစစ်ဆေးခဲ့ပါတယ်” ဟု ဒုရဲမှူးကြီး လှိုင်မင်းထွန်းက ဆိုသည်။

ယင်းသို့ သတ်ဖြတ်ပြီး သက်သေခံဓားကို သိမ်းဆည်းရန် အမျိုးသား (ဃ) ထံ အပ်နှံခဲ့ကြောင်း ၎င်းက ပြောသည်။

ထို့အတူ အခင်းဖြစ်ချိန်တွင် ဆက်သွယ်ပြီး အသုံးပြုခဲ့သည့် ဖုန်းနံပါတ်ကို ရဲတပ်ဖွဲ့ဝင်များ ဆက်သွယ်မရစေရန် အမျိုးသား (ဂ) က ဖျောက်ဖျက်ပစ်ခဲ့ကြောင်း ဒုရဲမှူးကြီးလှိုင်မင်းထွန်းက ဆိုသည်။

ယင်းသို့ လုပ်ဆောင်ခဲ့ကြသည့်အတွက် အထက်ပါ အမျိုးသားနှစ်ဦးကလည်း လူသတ်ရာတွင် ပူးပေါင်းလုပ်ဆောင်ခဲ့ကြောင်း ၎င်းက ပြောသည်။

ထိုကြောင့် လူသတ်မှုကျူးလွန်သူက နှစ်ဦးဖြစ်ပြီး အားပေးကူညီသူက နှစ်ဦး ဖြစ်သည်။

လက်ရှိတွင် သက်သေခံဓား၊ ဆိုင်ကယ်၊ ဖုန်း၊ လူသတ်ချိန်က ဝတ်ထားသည့် အဝတ်အစား အစရှိသည့် သက်သေခံ ပစ္စည်းများကို သိမ်းဆည်းထားပြီး ဖြစ်ကြောင်း၊ လက်ရှိတွင် ၎င်းတို့လေးဦးကို ချုပ်နှောင်ထားပြီး ရဲလုပ်ငန်းများအတိုင်း ဆက်လက်လုပ်ဆောင်နေကြောင်း ရဲမှူးကြီးကြည်စိုးက ဆိုသည်။

“နောက်အကျဆုံးကတော့ ရမန်နှစ်ပတ်(ရက်သုံးဆယ်) ကုန်ဆုံးတဲ့နေ့မှာ တရားစွဲတင်သွားမှာပါ”ဟု ၎င်းက ပြောသည်။

ထို့အပြင် သေဆုံးသည့် အမျိုးသားထံ မူးယစ်ဆေးပို့နေသည့် ကွင်းဆက်များကို အရေးယူနိုင်ရေးစုံစမ်းနေကြောင်း ရဲမှူးကြီးကြည်စိုးက ဆိုသည်။

အထက်ပါဖြစ်စဉ်နှင့်ပတ်သက်၍ လူသတ်မှုတွင် ပါဝင်ပတ်သက်သည့် အမျိုးသားလေးဦးကို ရာဇသတ်ကြီးပုဒ်မ ၃၀၂ (လူသတ်မှု) /၁၁၄ (အားပေးကူညီ မှု)တို့ဖြင့် ရေဖြူမြို့မရဲစခန်းတွင် အမှုဖွင့် ထားကြောင်း တိုင်းရဲတပ်ဖွဲ့မှူးရုံးထံမှ သိရသည်။