ပန်းရောင်အိမ်ကလေး၏ ကြမ္မာ

0
556

အိမ်ဝန်းကျင်တွင် ဝါးရုံတောများ၊ သစ်ပင်ချုံနွယ်များဖြင့် စိမ်းစိုနေသည်။ အိမ်အနောက်ဘက်တွင် စမ်းချောင်းလေးက စီးဆင်းနေသည်။ ရုတ်တရက်ဆိုလျှင်တော့ တကယ့်ကို သာယာဖွယ် ဖြစ်သည်။ သို့သော် ပန်းရောင်ဆေးသုတ်ထားသော ထိုအိမ်ကလေးတွင် နေထိုင်သော မိသားစုဝင်သုံးဦးမှာ ကံကြမ္မာဆိုးငင်ခဲ့ လေသည်။

ထိုအိမ်ကလေးမှာ ထားဝယ်မြို့မှ မိုင် ၂၀ ကျော်ဝေးသည့် ပြည်ထောင်စု လမ်းမပေါ် ရထားလမ်းဖြတ်သည့်နေရာတွင် တည်ရှိသည်။

ထိုအိမ်လေးတွင် မီးရထားဝန်ထမ်း မိသားစုဝင်သုံးဦးနေထိုင်သည်မှာ ယခုနှစ်ဆိုလျှင် သုံးနှစ်ပင်ပြည့်ခဲ့ပြီ။

တစ်နေ့တွင် ၎င်းတို့မိသားစု ကံဆိုး မိုးမှောင်ကျမည်ကို ကာယကံရှင်များ ကိုယ်တိုင်သိမည်မဟုတ်ပေ။
ဇွန်လ ၁၃ ရက်နေ့တွင် အဆိုပါ အိမ်လေးတွင် နေထိုင်သည့် မိသားစုဝင်သုံးဦးစလုံး ရက်ရက်စက်စက် အသတ်ခံ လိုက်ရသည်။

အသက် ၂၆ နှစ်အရွယ် မီးရထားဝန်ထမ်း အမျိုးသား၊ ၂၈ နှစ်အရွယ် ဇနီးသည်နှင့် ၂ နှစ်နီးပါးရှိ ကလေးငယ်တစ်ဦးတို့ ဓားဒဏ်ရာအသီးသီးဖြင့် သေဆုံးနေကြသည်။

ထားဝယ်မြို့တွင်နေထိုင်သည့် အမေဖြစ်သူက သားဖြစ်သူထံ ဖုန်းဆက်ရာ စက်ပိတ်ထားသည့်အတွက် အိမ်လေးတွင် နေထိုင်သည့် သားဖြစ်သူထံ ဆိုင်ကယ်ဖြင့် သွားကြည့်ခဲ့ကြသည်။

အမေဖြစ်သူကို အမေ့ညီမ၏ အမျိုးသားဖြစ်သူက ည ၇ နာရီကျော် အချိန်တွင် ဆိုင်ကယ်ဖြင့် လိုက်ပို့ခဲ့ခြင်း ဖြစ်သည်။

ည ၉ နာရီဝန်းကျင်တွင် ရောက်ရှိခဲ့ပြီး အိမ်ကလေးကို အပြင်က သော့ခတ်ထားပြီး အိမ်အနီးတစ်ဝိုက်တွင် မှောင်အတိ ဖြစ်နေသည်။

အမေဖြစ်သူက သားဖြစ်သူကို အော်ခေါ်ခဲ့သော်လည်း ပြန်ထူးသံကား ထွက်မလာခဲ့ပေ။

သားဖြစ်သူစီးနင်းသည့် ဆိုင်ကယ်လည်းရှိသည့်အတွက် တစ်ခုခုဖြစ်နေနိုင်သည်ဟုထင်ကာ အစိုးရိမ်ပိုသွားမိသည်ဟု ဆိုင်ကယ်မောင်းပို့သည့် ဦးညိုမင်းက ဆိုသည်။

“မသင်္ကာလို့ ဖုန်းမီးထွန်းပြီး အပေါက်လေးကနေ ကြည့်လိုက်တာ အထဲမှာ သွေးတွေနဲ့ လဲနေပြီ” ဟု ဦးညိုမင်းက ပြောသည်။

အခြေအနေကို ရိပ်စားမိသည့်အတွက် ရွာအတွင်းဝင်ကာ အကူအညီတောင်းခံခဲ့သည်ဟု ဆိုသည်။

မကြာမီ ကျေးရွာအုပ်ချုပ်ရေးမှူး၊ ရဲတပ်ဖွဲ့ဝင်များရောက်ရှိလာပြီး အိမ်အတွင်း သော့ကိုရိုက်ဖျက်ဝင်ကြရသည်။

သေဆုံးသွားသည့် လင်မယားတွင် သားသမီးနှစ်ဦးထွန်းကားပြီး အသက်ငါးနှစ်ခန့်ရှိ ကလေးကိုမူ ထားဝယ်မြို့တွင်နေထိုင်သည့် ဘိုးဘွားထံ အပ်နှံထားသဖြင့် အသက်ချမ်းသာရာ ရသွားသည်။

သေဆုံးသွားသည့် အမျိုးသားက မီးရထားဝန်ထမ်းအဖြစ် တာဝန်ထမ်းဆောင်နေသည်မှာ ခြောက်နှစ်ခန့်ရှိပြီဖြစ်ပြီး ယခင်က ကျောက်မော်လမ်းပိုင်းတွင် တာဝန်ထမ်းဆောင်နေသည်ဟု ဆိုသည်။

အဆိုပါလမ်းပိုင်းတွင် မီးရထားပြေးဆွဲမှုရပ်နားလိုက်ချိန်တွင် လက်ရှိအသတ်ခံရသည့် အိမ်လေးဆီ ပြောင်းရွှေ့နေထိုင်ခဲ့ခြင်း ဖြစ်သည်။

၎င်းက အေးအေးဆေးဆေးနေထိုင် တတ်ပြီး အရက်၊ ဆေးလိပ်၊ ကွမ်းစားသုံး ခြင်းလည်းမရှိဟု ဆိုသည်။

သေဆုံးသူ အမျိုးသားတွင် မွေးချင်းငါးဦးရှိပြီး ၎င်းက ဒုတိယမြောက်သား ဖြစ်သည်ဟု မိသားစုဝင်များက ပြောသည်။

ထိုကဲ့သို့ သုံးလောင်းပြိုင်လူသတ်မှု ဖြစ်ပွားခဲ့သည့်အပေါ် ရဲအရာရှိငါးဦး နှင့်အထက်ပါသည့် အမှုစစ်အဖွဲ့ဖြင့် စုံစမ်းစစ်ဆေးနေသည်။