လျှပ်စစ်ယူနစ်အတက်ကြမ်းကိစ္စ စစ်ဆေးမည်၊ စစ်ဆေးရန် စာရင်းပေးထားသူများ မီတာခမသွင်းစေဘဲ ဆိုင်းငံ့ထားမည်

0
616

ထားဝယ်ဒေသတွင် လျှပ်စစ်ယူနစ် အတက်ကြမ်းနေသည့်ကိစ္စကို စစ်ဆေးမည်ဖြစ်ပြီး ယင်းသို့ စစ်ဆေးရန် စာရင်းသွင်းထားသူများ မီတာခ မသွင်းစေဘဲ ဆိုင်းငံ့ထားမည်ဖြစ်ကြောင်း တနင်္သာရီ တိုင်းဒေသကြီး လျှပ်စစ်ဖြန့်ဖြူးရေးလုပ်ငန်းမှ ဒုတိုင်း လျှပ်စစ်အင်ဂျင်နီယာက ပြောကြားသည်။

ထားဝယ်ခရိုင်အတွင်းရှိ မီတာအများစုမှာ ပြီးခဲ့သည့် မေလက သုံးစွဲခဲ့သည့် လျှပ်စစ်ယူနစ်က ယခင်ထက် နှစ်ဆဝန်းကျင် ပိုမိုကျသင့်နေကြသည်။

ထိုကြောင့် လျှပ်စစ်ယူနစ်ခါတိုင်းထက် ပိုနေသည်ဟု သံသယရှိက စစ်ဆေးမည်ဟု ပြောဆိုခဲ့ခြင်း ဖြစ်သည်။

လျှပ်စစ်ယူနစ်အတက်ကြမ်းနေသည့် ကိစ္စနှင့် ပတ်သက်၍ ဇွန်လ ၂၂ ရက်နေ့ က ပြုလုပ်သည့် တွေ့ဆုံပွဲတွင် ယင်းကဲ့သို့ ပြောဆိုခဲ့သည်။

ထိုသို့ စစ်ဆေးရာတွင် အဆင့် ၃ ဆင့်ဖြင့် စစ်ဆေးမည်ဖြစ်ကြောင်း ဒုတိုင်း လျှပ်စစ်အင်ဂျင်ယာ၊ အင်ဂျင်နီယာမှူးကြီး ဦးထွန်းဝဏ္ဏက ဆိုသည်။

ပထမအဆင့်အနေဖြင့် ယူနစ်တက်များနေပါက သက်ဆိုင်ရာ ရပ်ကွက်အုပ် ချုပ်ရေးမှူးရုံးများ၊ လျှပ်စစ်ဌာနနှင့် Petro & Trans ကုမ္ပဏီတွင် စာရင်းပေးသွင်းနိုင်ကြောင်း ၎င်းက ပြောသည်။

ယင်းနောက် ဒုတိယအဆင့်အနေဖြင့် စာရင်းသွင်းထားသည့် မီတာများကို မီတာဘေလ်ဖတ်မှန်/ မမှန်နှင့် ကုမ္ပဏီက ကွန်ပြူတာသွင်းချိန် မှန်/ မမှန်ကို စစ်ဆေးမည်ဖြစ်ကြောင်း ဦးထွန်းဝဏ္ဏက ဆိုသည်။

တတိယအဆင့်အနေဖြင့် ယူနစ် အတက်ကြမ်းနေကြောင်း သံသယရှိနေသည့် မီတာများကို ကွင်းဆင်းစစ်ဆေးမည်ဟု ပြောသည်။

ထိုကဲ့သို့ စစ်ဆေးချိန်တွင် လျှပ်စစ်ဌာန၊ ကုမ္ပဏီ၊ မီးသုံးသူနှင့် လူထု အလင်းရောင်ကွန်ရက် (ထားဝယ်) မှ အဖွဲ့ဝင်များ ပါဝင်သည့်အဖွဲ့ဖြင့် စစ်ဆေးမည်ဖြစ်ကြောင်း ဦးထွန်းဝဏ္ဏက ဆို သည်။

ယင်းသို့ စစ်ဆေးနေစဉ်ကာလအတွင်းမှာ လျှပ်စစ်မီတာခပေးသွင်းစေခြင်းကို ခေတ္တဆိုင်းငံ့ထားစေမည်ဟု ၎င်းက ပြောသည်။

“အဖြေမပေါ်ခင်မှာ မီတာဘေလ် ပေးသွင်းမှုကို ရပ်ထားပါမယ်” ဟု ဦးထွန်းဝဏ္ဏက ဆိုသည်။

ထိုကဲ့သို့ စစ်ဆေးပြီးချိန်တွင် မီတာ ချို့ယွင်းချက်ကြောင့် ဖြစ်နေပါက တစ်နှစ်စာသုံးစွဲမှုမှာ တစ်လစာအတွက် ပျမ်းမျှတွက်ချက်ပြီး ပိုနေသည့်ငွေကို ပြန်အမ်းစေမည်ဟု ပြောသည်။

ထိုကဲ့သို့ စစ်ဆေးပြီး မီတာက ရပ်၊ ပျက်၊ နှေးဖြစ်နေပါက ယင်းကဲ့သို့ ပျမ်းမျှတွက်ချက်ပြီး လိုနေသည့်ငွေကို ပြန်ပေးသွင်းစေမည်ဖြစ်ကြောင်း ဦးထွန်းဝဏ္ဏက ဆိုသည်။

မီတာအတက်ကြမ်းနေသည့် မီးသုံးစွဲသူမီတာများကို စစ်ဆေးသကဲ့သို့ ကုမ္ပဏီ၏ လျှပ်စစ်ထုတ်လုပ်ဖြန့်ဖြူး ရေးအပိုင်းကိုလည်း စစ်ဆေးသင့်ကြောင်း လူထုအလင်းရောင်ကွန်ရက် (ထားဝယ်) အဖွဲ့ဝင်တစ်ဦးဖြစ်သည့် ဦးသန်းဝင်းက ပြောသည်။

“နှစ်ဘက်လုံးစစ်ဆေးဖို့ ကျွန်တော် တင်ပြတဲ့အပေါ်မှာ (လျှပ်စစ်) ဝန်ကြီးက လက်ခံတယ်” ဟု ဦးသန်းဝင်းက ဆိုသည်။

သို့ရာတွင် လျှပ်စစ်ကုမ္ပဏီ၏ ထုတ်လုပ်ဖြန့်ဖြူးရေးအပိုင်းကို စစ်ဆေးရာတွင် သက်ဆိုင်ရာ အသိအမှတ်ပြု လက်မှတ်ရှိသူများကို ရှာဖွေပေးရမည်ဟု လျှပ်စစ်ဝန်ကြီးဦးအောင်သူရက ပြောသည်။

ယင်းကဲ့သို့ လျှပ်စစ်ယူနစ် အတက်ကြမ်းနေခြင်းက လျှပ်စစ်သုံးစွဲသူ၏ အမှားဖြစ်နိုင်သလို ထုတ်လုပ်ဖြန့်ဖြူးနေသည့် ကုမ္ပဏီ၏ အမှားလည်းဖြစ်နိုင်ကြောင်း ထားဝယ်ဒေသခံ လျှပ်စစ် ကျွမ်းကျင်သူတစ်ဦးက ဆိုသည်။

“သတ်မှတ်ဗို့အားနဲ့ မတူညီတဲ့ ဗို့အားတစ်ခုကိုပေးတယ်။ ကြိမ်နှုန်းကို ပေးတယ်။ လျှပ်စစ်လှိုင်းမှာ လှိုင်းပုံစံ ဆိုတာရှိတယ်၊ သတ်မှတ်ထားတဲ့လှိုင်း ပုံစံထဲမှာ ဘောင်မဝင်ရင်လည်း ယူနစ် ပိုတက်တယ်” ဟု အဆိုပါ လျှပ်စစ်ကျွမ်းကျင်သူက ပြောသည်။

ထားဝယ်ဒေသတွင် မီတာအလုံးရေ ခုနစ်သောင်းကျော်ရှိပြီး မီတာအများစုက ယခင်လများထက် ယူနစ်သုံးဆမှ လေးဆအထိ မြင့်တက်နေခြင်းဖြစ်သည်။