မြိတ်ဟိုတယ်များတွင် ခရီးသည် လာရောက်မှု ရှစ်ဆယ်ရာခိုင်နှုန်း လျှော့ကျ

0
718

ကိုဗစ်ကာလအတွင်း သုံးလနီးပါး ပိတ်ထားကြသည့် မြိတ်မြို့ရှိ ဟိုတယ်နှင့် တည်းခိုရိပ်သာများအား ဇွန်လပထမအပတ်က ပြန်လည်ဖွင့်လှစ်လိုက်ပြီဖြစ်သော်လည်း ခရီးသည် လာရောက်မှု ၂၀ ရာခိုင်နှုန်းခန့်သာ ရှိတော့သည်။

ယခင်ကပုံမှန်လာရောက်နေသည့် ခရီးသည်ဦးရေတစ်ရာလျှင် ၂၀ ဦးခန့် အထိကျဆင်းသွားကြောင်း မြိတ်မြို့ရှိ ဟိုတယ်လုပ်ငန်းရှင်များက ဆိုသည်။

“လူတစ်ရာမှာ နှစ်ဆယ်ရာခိုင်နှုန်း လောက်ပဲလာပြီး တည်းခိုသူတွေရှိတော့တယ်။ တော်တော်လေးလျော့သွားတယ်” ဟု မြိတ်မြို့၊ ကမ်းနားလမ်းရှိ မြစည်းစိမ် ဟိုတယ်ပိုင်ရှင် ဦးကျော်သူနိုင်က ပြောသည်။

ကိုဗစ်ကပ်ဘေးမဖြစ်မီက မြိတ်မြို့သို့ ပြည်တွင်းပြည်ပခရီးသည် နေ့စဉ်လူတစ်ရာနီးပါးခန့် လာရောက်ကြပြီး အချို့ခရီးသည်များသည် ကျွန်းခရီးစဉ်များသို့ သွားရောက်လည်ပတ်လေ့ရှိကြ သည်။

သို့သော်ယခုအချိန်တွင်တော့ ယင်းခရီးသည်များမလာကြတော့ဘဲ လုပ်ငန်းကိစ္စဖြင့် မဖြစ်မနေလာရောက်ကြသည့် ခရီးသည်များသာ တည်းခိုနေကြကြောင်း မြိတ်ခရိုင်ဟိုတယ်နှင့်ဧည့်ရိပ်သာလုပ်ငန်းရှင်များ အသင်းဥက္ကဋ္ဌ ဦးကျောက်စိမ်းက ပြောဆိုသည်။

ကိုဗစ်ကပ်ရောဂါ ဆက်လက်ဖြစ် ပွားနေခြင်း၊ ထိုင်းနယ်စပ်မောတောင် ဂိတ်ပိတ်ထားခြင်း၊ မိုးရာသီဖြစ်သည့်အတွက် ကျွန်းခရီးသွားလုပ်ငန်းပိတ်ထားခြင်းနှင့် ကျန်းမာရေးကန့်သတ်မှု အချို့ကြောင့်လည်း ခရီးသွားမှုလျော့ကျလာခြင်းဖြစ်ကြောင်း ၎င်းက မှတ်ချက်ပေးသည်။

ခရီးသည်လာရောက်မှု ကျဆင်းသွားသဖြင့် ဟိုတယ်နှင့်ဧည့်ရိပ်သာတို့ရှိ ဝန်ထမ်းအချို့လျှော့ချခြင်း၊ လစာ လျှော့ခြင်းများဖြင့်ညှိနှိုင်း လုပ်ဆောင်နေရကြောင်း လုပ်ငန်းရှင် အချို့က ပြောပြသည်။

မြိတ်မြို့တွင်လက်ရှိအချိန်၌ ဟိုတယ် ကိုးလုံးနှင့် ဧည့်ရိပ်သာခြောက်ခု ပြန်လည်ဖွင့်လှစ်ထားပြီးဖြစ်သော်လည်း ဟိုတယ်တစ်လုံးမှာ ပိတ်ထားဆဲဖြစ်ကြောင်း ဟိုတယ်နှင့်ခရီးသွားညွန်ကြားမှု ဦးစီးဌာန(မြိတ်ရုံးခွဲ)မှတာဝန်ရှိသူက ပြောသည်။

လောလောဆယ်တွင် ခရီးသည်လာ ရောက်မှုကျဆင်းနေဦးမည် ဖြစ်သည့်အတွက် ဟိုတယ်အားဆက်လက်ပိတ်ထားဦးမည်ဖြစ်ကြောငွ်း Grand Jade ဟိုတယ်ပိုင်ရှင် ဦးကျောက်စိမ်းက ဆိုသည်။

“သီတင်းကျွတ်ပြီးလောက် (နိုဝင် ဘာ) မှပဲ ပုံမှန်ပြန်ဖြစ်လာမယ်လို့ ထင်တယ်” ဟု ၎င်းကဆိုသည်။

မြိတ်မြို့သို့ တိုင်းကျော်ဝင်ရောက်မည်ဆိုလျှင် သက်ဆိုင်ရာ ရပ်ကွက်ထောက်ခံချက်၊ ကျန်းမာရေးထောက်ခံချက် ပါရှိရမည်ဖြစ်ပြီး ပိုးတွေ့သူသုံးဦးနှင့်အထက်ရှိသည့် မြို့နယ်များမှလာရောက်သည့် ခရီးသည်များ စောင့်ကြည့်စခန်းဝင်ရမည် ဖြစ်သည်။

ကိုဆန်း