မောတောင်နယ်စပ်ဂိတ်မှ ကုန်ခြောက် သယ်ယူခွင့် စတင်ခွင့်ပြုမည်

0
390

မြန်မာ-ထိုင်းနှစ်နိုင်ငံ နယ်စပ်ဂိတ်တစ်ခုဖြစ်သည့် တနင်္သာရီမြို့နယ် မောတောင်ဂိတ်မှ လူသုံးကုန်၊ ဆောက်လုပ်ရေးပစ္စည်းများ စသဖြင့် ကုန်ခြောက်များ သယ်ယူဖြတ်သန်းခွင့်ပြုနိုင်ရေးအတွက် စတင်ဆောင်ရွက်နေပြီဖြစ်ကြောင်း မြိတ်-ပရာကျွတ် ညီအစ်မမြို့တော် ဆက်ဆံရေးမှူး ဦးအောင်ကြည်မြင့်ထံမှ သိရသည်။

ကိုဗစ်နိုင်တီးရောဂါဂယက်ကြောင့် မောတောင်နယ်စပ်ဂိတ်နှင့် ထိုင်းနိုင်ငံ စင်ခွန်းအထူးယာယီနယ်စပ်ဂိတ် (မော တောင်-စင်ခွန်းဂိတ်) မှ ဝင်/ထွက်သွားလာမှုနှင့် ကုန်သယ်ယူခွင့်တို့ကို ဇွန်လကုန်အထိ ယာယီပိတ်ထားသည်။

ကုန်ခြောက်များအား စတင်သယ်ယူ ခွင့်ပြုနိုင်ရေးအတွက် ဇွန်လ ၂၅ ရက်နေ့ က ထိုင်းနိုင်ငံ ပရာကျွတ်ခီရီခန်ခရိုင် ခရိုင်ဝန်ရုံးတွင် တပ်ဘက်၊ ဌာနဆိုင်ရာ တာဝန်ရှိသူတို့ ပါဝင်သည့် အစည်းအဝေးတစ်ခုပြုလုပ်ခဲ့ကြောင်း ညီအမမြို့တော် ဆက်ဆံရေးမှူး ဆရာဦးအောင်ကြည်မြင့်က ပြောပြသည်။

အစည်းအဝေးတွင် ပထမအဆင့် အနေဖြင့် စင်ခွန်းဂိတ်မှ ကုန်ခြောက်ပစ္စည်းများအား ဖြတ်သန်းခွင့်ပြုပေးရန်နှင့် ကုန်ခြောက်များ ကုန်သွယ်မှုကို အချိန်အတိုင်းအတာတစ်ခုထိ စောင့်ကြည့်နေမည်ဖြစ်ပြီး ကိုဗစ်နိုင်တီးရောဂါကူးစက်မှု တစ်စုံတစ်ရာမရှိခဲ့ပါက ကုန်စိုများ ဖြစ်သည့် ရေထွက်ကုန်များအား ဖြတ်သန်းခွင့်ပြုရန်ဖြစ် ဆွေးနွေးခဲ့ကြကြောင်း ဆက်ဆံရေးမှူး ဆရာဦးအောင်ကြည်မြင့်က ပြောပြသည်။

“ဇူလိုင်လ တစ်ရက်နေ့မှာ ကုန်ခြောက်တွေ ပေးသွားဖို့ ရည်မှန်းချက်ထားထား ပါတယ်” ဟု ဆက်ဆံရေးမှူး ဦးအောင်ကြည်မြင့်က ပြောပြသည်။

ကုန်ခြောက်များ ကုန်သွယ်ခွင့်ပြုရေးအတွက် ဇွန်လအကုန်တွင် ထိုင်းအစိုးရ၏ နယ်စပ်ဆိုင်ရာစည်းကမ်းသတ် မှတ်ချက်များ ထပ်မံထွက်ရှိလာမည့်အပေါ်တွင် စဉ်းစားသုံးသပ်ပြီး ပရာကျွတ် ခီရီခန်ခရိုင်မှ ကြေညာချက်ထုတ်ပြန်မည်ဖြစ်ကြောင်း ဆရာဦးအောင်ကြည် မြင့်က ပြောပြသည်။

ထိုင်းအစိုးရ၏ ထုတ်ပြန်ချက်တွင် ပါရှိလာမည့် အချက်အလက်များအား ကြည့်ရှုပြီးမှ လိုအပ်သည့် ကန့်သတ်ချက်များနှင့် သတ်မှတ်ချက်တို့အား ဖြည့်စွက်ပြီး ကြေညာချက်အား ပြန်လည်ထုတ်ပြန်သွားမည်ဖြစ်ကြောင်း ဆရာဦးအောင်ကြည်မြင့်က ပြောပြသည်။

နယ်စပ်ဂိတ်အား ယာယီပိတ်ထားရသဖြင့် မောတောင်နယ်စပ်ဂိတ်မှ တစ်ဆင့် ထိုင်းနိုင်ငံသို့ ‌ဒေသထွက်သီးနှံများနှင့် ရေထွက်ကုန်များ တင်ပို့ရောင်းချ ခွင့်မရခြင်း၊ နှစ်ဘက်ကုန်သွယ်မှုရပ်နားထားရခြင်း၊ စင်ခွန်းဈေးတွင် နေ့ချင်းပြန် ဈေးသည်များ ဈေးရောင်းချခွင့်မရှိခြင်း နှင့် ထိုင်းရှိ စက်ရုံအလုပ်ရုံရပ်နားထားရသဖြင့် အလုပ်လက်မဲ့ဖြစ်ရခြင်းစသည့် အခက်အခဲများ ကြုံတွေ့နေရကြောင်း မောတောင်မြို့နေသူတချို့က ပြောပြသည်။

မြင့်မိုရ်(မြိတ်)