ထီဆိုင်များ အပြိုင်အဆိုင်

0
655

မြိတ်မြို့ရှိ အောင်ဘာလေထီ အရောင်းဆိုင်ကြီးအချို့တို့တွင် ဇွန်လမှစပြီး ရွှေဆွဲပြားများနှင့် မော်တော်ဆိုင်ကယ်တို့အားကံထူးနိုင်မည့် ကံစမ်းမဲစနစ်တို့ဖြင့် အပြိုင်အဆိုင်ရောင်းချနေကြကြောင်း ယင်းထီအရောင်းဆိုင်အသိုင်းအဝိုင်းထံမှ သိရသည်။

မြို့မအားကစားကွင်းအရှေ့နှင့် ကံခေါင်းမီးပွိုင့်အနီး ကရာနီလမ်းဆုံတို့ရှိ သိကြားမင်းထီဆိုင်ကြီးတို့တွင် ထီငါးစောင်ထိုးပါက၂၀၂၀ခုနှစ်ထုတ် မော်တော်ဆိုင်ကယ်နှစ်စီးနှင့် ရွှေဆွဲပြား၂၀ကံထူးနိုင်မည့် ကံစမ်းမဲလက်မှတ်တစ်စောင်ရရှိမည်ဖြစ်ကြောင်း ယင်းထီဆိုင်မှသိရ သည်။

ထို့အပြင် ငွေထပ်တိုးထီအရောင်းဆိုင်ကြီးတွင် မော်တော်ဆိုင်ကယ်နှစ်စီးအား မဲဖောက်‌ပေးသည့် အစီအစဉ်ပြုလုပ်ထားကြောင်း သိရသည်။

မြိတ်မှ မေတ္တာတံခွန်ထီရောင်းဝယ်ရေးဆိုင်၏ လူမှုကွန်ရက်စာမျက်နာပေါ် တွင်အောင်ဘာလေထီလက်မှတ်ပေါ်ရှိ ဂဏန်းခြောက်လုံးအနက်နှစ်လုံးအား ခန့်မှန်းဖြေဆိုခြင်း ရမ်းဖြေ ရမ်းမှန် အစီအစဉ်ဖြင့် ထီလက်မှတ်များချီးမြှင့်ပေးခြင်းနှင့် ထီပေါက်စာရင်းဝင်သူများအတွက် လစဉ်ရွှေဆွဲပြားတို့အားမဲဖောက်ပေးခြင်းတို့ကို ပြုလုပ်နေကြောင်း သိရသည်။

အထက်ပါ ထီအရောင်းဆိုင်ကြီးတို့တွင် ထီလက်မှတ်တစ်စောင်လျှင် ကျပ်တစ်ထောင်နှုန်းဖြင့် ရောင်းချလျက်ရှိသည်။