ကော့သောင်းလျှပ်စစ်တင်ဒါ ပယ်ဖျက်

0
483

ကော့သောင်းမြို့နယ် လျှပ်စစ်ထုတ်လုပ်ဖြန့်ဖြူးရေး လုပ်ငန်းတင်ဒါကို ပယ်ဖျက်လိုက်ကြောင်း တနင်္သာရီတိုင်းဒေသကြီး လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီး ဦးအောင်သူရက ပြောကြားသည်။

ကော့သောင်းလျှပ်စစ်တင်ဒါကို ဇွန်လ ၁ ရက်နေ့က ဖွင့်ဖောက်စစ်ဆေးခဲ့ပြီးနောက် ပြန်လည်ပယ်ဖျက်လိုက်ခြင်း ဖြစ်သည်။

အဆိုပါတင်ဒါကို တိုင်းအတွင်းနှင့် တိုင်းပြင်ပမှ လျှပ်စစ်ကုမ္ပဏီ ၆ ခု ဝင် ရောက်ယှဉ်ပြိုင်ခဲ့သည်။

တင်ဒါဝင်ပြိုင်သည့်ကုမ္ပဏီများက နည်းပညာအဆိုပြုလွှာ (Technical Proposa) မအောင်မြင်ကြသည့်အတွက် တင်ဒါကိုပယ်ဖျက်လိုက်ကြောင်း ဝန်ကြီးဦးအောင်သူရက ဆိုသည်။

“အချို့ကလည်း တင်ဒါစည်းမျဉ်း စည်းကမ်းမအောင်တဲ့ ဟာတွေရှိတယ်။ အချို့ကလည်းပဲ သတ်မှတ်အမှတ်ကို မမီတဲ့ ဟာတွေပေါ့” ဟု ဦးအောင်သူရက ပြောသည်။

ဇွန်လ ၁၈ ရက်နေ့ကပြုလုပ်သည့် တိုင်းအစိုးရအဖွဲ့ အစည်းအဝေးတွင် ဆွေးနွေးဆုံးဖြတ်ခဲ့ကြောင်း ၎င်းက ဆိုသည်။

တင်ဒါဖွင့်ဖောက်ပြီးရွေးချယ်ရာတွင် ကုမ္ပဏီ၏ Profile ၊ နည်းပညာ၊ ဈေးနှုန်းတို့ကို တစ်ဆင့်ချင်းစစ်ဆေးကာ အမှတ်ပေးမည်ဖြစ်ကြောင်း ဝန်ကြီးဦးအောင်သူရက ဆိုသည်။

တင်ဒါဖွင့်ဖောက်စစ်ဆေးရာတွင် ကုမ္ပဏီ၏ Profile မအောင်မြင်ပါက နည်းပညာပိုင်းကို ဆက်လက်မစစ်ဆေးတော့ကြောင်း ၎င်းက ပြောသည်။

တင်ဒါဝင်ပြိုင်သည့်ကုမ္ပဏီ၏ Profile နှင့် နည်းပညာ စစ်ဆေးအောင်မြင်သည့် ကုမ္ပဏီများကိုသာခေါ်ယူ၍ တစ်ယူနစ်ဈေးနှုန်း ဖွင့်ဖောက်မည်ဖြစ်ကြောင်း ဦးအောင်သူရက ပြောဆိုထားသည်။

ပယ်ဖျက်လိုက်သည့် ကော့သောင်းလျှပ်စစ်တင်ဒါကို မကြာမီပြန်လည်ခေါ် ယူမည်ဖြစ်ကြောင်း ၎င်းက ဆိုသည်။

ထိုသို့ တင်ဒါပြန်ခေါ်ရာတွင် အမှတ်ပေးစည်းမျဉ်းအချို့ ဖြေလျှော့နိုင်ရန် တင်ဒါကော်မတီအစည်းအဝေးလုပ်မည်ဖြစ်ကြောင်း ဦးအောင်သူရက ပြောသည်။

သို့ရာတွင် တင်ဒါစည်းမျဉ်းစည်းကမ်းကိုမူ ဖြေလျှော့မည်မဟုတ်ကြောင်း ၎င်းက ဆိုသည်။

တင်ဒါပြန်ခေါ်ချိန်ကာလတွင် လက်ရှိ လျှပ်စစ်ထုတ်လုပ်ဖြန့်ဖြူးနေသည့် ပါချန်ကော့သောင်းဒေသလုံးဆိုင်ရာ လျှပ်စစ်ထုတ်လုပ်ဖြန့်ချိရေးနှင့် အထွေထွေဖွံ့ဖြိုးရေး အများနှင့်သက်ဆိုင်သော ကုမ္ပဏီလီမီတက် (KDDPC) က လုပ်ကိုင်နေမည်ဖြစ်ကြောင်း တိုင်းအစိုးရအဖွဲ့ထံမှ သိရသည်။