ပါချန်မြစ်ဝှမ်းတွင် ကဏန်း၊ ခရု မျိုးစိုက်ထည့်

0
559

ကော့သောင်းမြို့ ပါချန်မြစ်ဝှမ်းနေရာများတွင် ကဏန်း၊ ခရုနှင့် ကျောက်ပုစွန်များ မျိုးစိုက်မှု ဇွန်လ ၇ ရက်နေ့တွင် ပြုလုပ်ခဲ့ကြောင်း ကော့သောင်းခရိုင်ငါးလုပ်ငန်းဦးစီးမှူး ဦးသန့်ဇင်က ပြောသည်။

ကဏန်း ၁၂၀ဝ ကောင်၊ ဂျင်းခရု ၁၅၀ဝဝ၊ ခရုအိုးစုပ် ၂၅၀ဝ၀ ခန့်၊ ကျောက်ပုစွန်ကြီး ၅ ကောင်တို့ မျိုးစိုက်မှုပြုလုပ်ခဲ့ကြောင်း ဦးသန့်ဇင်က ပြောသည်။

“မျိုးထိန်းဖို့ပါပဲ။ မျိုးတွေက ကော့သောင်းနယ်မှာ နည်းနေတာလေ။ မျိုးထိန်း မျိုးစိုက်တဲ့ သဘောပါ” ဟု ဦးသန့်ဇင်က ပြောသည်။

၎င်းမျိုးများမှာ မြိတ်နှင့်ကျွန်းစု ဘုတ်ပြင်းဘက်မှ ဒေသထွက်မျိုးစိတ်များဖြစ်ပြီး ပြီးခဲ့သည့် မေလတွင်လည်း ယင်းသို့မျိုးစိုက်မှုများ ပြုလုပ်ခဲ့သေးကြောင်း ၎င်းက ပြောသည်။

ယခင်က ယခုကဲ့သို့ မျိုးရင်းစိုက်ခြင်းမျိုးမကြားဖူးဘဲ ယခုကဲ့သို့ မျိုးရင်းစိုက်ပျိုးလာသည်ကို ကြိုဆိုပြီး ပါချန်မြစ်တစ်လျှောက် မြန်မာဘက်ခြမ်းမှ ဒီရေတောများကိုပါ ထိန်းကြစေလိုကြောင်း ပါချန်မြစ် ထိန်းသိမ်းရေးလုပ်ဆောင်နေသော ဦးမျိုးဇော်ဦးက ပြောသည်။

အရင်က ဒီရေတောပေါများသဖြင့် ရေသတ္တဝါတို့ ပေါက်ဖွားနှုန်းများပြီး ယခုမူ ဒီရေတော ခုတ်ကြသဖြင့် သားငါးရှားပါးရာမှ မျိုးပြန်စိုက်သည်အထိဖြစ်လာရကြောင်း ဦးမျိုးဇော်ဦးက ပြော သည်။

“ဒီရေတောတွေ မထိန်းရင် ငါးမျိုးစိုက်လည်း အလကားပါပဲ။ စိုက်တဲ့ငါးမျိုးတွေ ထိုင်းဘက်ကို ရောက်ကုန်မှာပဲ။ ထိုင်းဘက်ကမ်းမှာက ဒီရေတောတွေ ကောင်းကောင်း ထိန်းထားတယ်လေ။ ငါးတွေ ကဏန်းတွေက သူတို့ အိမ်ရှိရာဆီပဲ သွားကြမှာပေါ့” ဟု ၎င်းက ပြောသည်။