အယ်ဒီတာ့ အာဘော်

0
345
editorial

တင်ဦးခေတ်ဟုဆိုလိုက်သဖြင့် ယခင် စစ်အစိုးရလက်ထက် ဆုံးပါးသွားသော ဒုတိယဗိုလ်ချုပ်ကြီးတင်ဦး၏ခေတ်ကို ဆိုလိုကြောင်း တွေးထင်သွားနိုင်သည်။

သို့သော် ထိုသို့မဟုတ်ပါ။

Facebook ကဲ့သို့သော လူမှုမီဒီယာများ လူထုအကြား များစွာအရေးပါ လာပြီးနောက် ပြောင်းလဲလာသော လူမှုအခင်းအကျင်းကို ဆိုလိုရင်းဖြစ်သည်။ အကြောင်းရေးရာ တစ်ခုခု ဆိုပါက Facebook ပေါ်တင်လိုက်ရမလားဟူသော ရေစီးကြောင်း ပေါ်လာသည်ကို ဆိုလိုရင်းဖြစ်သည်။ ထိုရေစီးကြောင်းနှင့်အတူ ဖြစ်လာသော အခြေအနေတစ်ရပ်မှာ Facebook ပေါ် ဦးစွာတင်သူက အမှန်ဖြစ်သွားသော ခေတ်၊ တစ်နည်းအားဖြင့် တင်ဦးခေတ် ဖြစ်လာခြင်းကို ရည်ညွှန်း ပြောဆိုပါသည်။

Facebook ကဲ့သို့သော လူမှုမီဒီယာများ မပေါ်မီကတည်းကပင် ပြောဦးသူနိုင်၊ တိုင်ဦးသူနိုင် သည့် အခြေအနေများရှိနှင့်နေပြီးဖြစ်သည်။ အချင်းချင်း အငြင်းပွား၊ ရန်စောင်သည့် ဖြစ်ရပ်များတွင်လည်း တရားရုံး သို့မဟုတ် ရဲစခန်းတွင် ဦးစွာတိုင်တန်းနိုင်သူက အမှန်လိုလို ဖြစ်သွားလေ့ရှိသည့် အမှုအခင်းများလည်း ကြုံတွေ့ခဲ့ရပြီးဖြစ်သည်။

ယနေ့ခေတ်ကဲ့သို့သော လူတစ်ဦးဦး၊ အဖွဲ့အစည်း တစ်ခုခုကို ပုံဖျက်ရန်၊ မကောင်းသတင်းလွှင့်ရန် များစွာလွယ်လွန်းလှသည့် အခြေအနေတွင် တင်ဦး တိုင်း အမှန်မဟုတ်သည်ကို သတိချပ်စေလိုရင်း ဖြစ်သည်။

ရရှိ၊ မြင်တွေ့၊ ဖတ်သိရသော သတင်းအချက်အလက်များတွင် ဦးစွာမြင်တွေ့ ကြားသိရသည့် သတင်းအချက်အလက်တိုင်း မှန်သည်ဟု မဆိုနိုင်ဘဲ အခြားတစ်ဖက်မှ အမြင်များကိုလည်း အပြန်ပြန်အလှန်လှန် စေ့ငုလေ့လာပြီးမှ ဆုံးဖြတ်ခြင်းဖြင့်သာ အမှန်နှင့် နီးစပ်နိုင်မည်ဖြစ်သည်။

အထူးသဖြင့် ဆင်ခြင်တွေးတောစဉ်းစားတတ်သည့်၊ ဝေဖန်သုံးသပ်နိုင်စွမ်းရှိ သည့် လူ့အဖွဲ့အစည်း အားကောင်းရှင်သန်ရေး များစွာအရေးကြီးကြောင်း အလေးပေးတိုက်တွန်းလိုပါသည်။ တင်ဦးခေတ်မှာ ကျွနု်ပ်တို့ ဆိုက်ရောက်လိုသော ဒီမိုကရေစီ ယဉ်ကျေးမှုထွန်းကားပြီး တရားမျှတသည့် လူ့အဖွဲ့အစည်းဖြစ်ရေးများစွာ အဆိပ်သင့်နိုင်သောကြောင့် ဖြစ်သည်။

အယ်ဒီတာ (ဇွန် ၁၂၊ ၂၀၂၀)