စားနပ်ရိက္ခာဖူလုံရေး ထည့်သွင်းစဉ်းစားရမည့် ကဏ္ဍများ

0
598

စားနပ်ရိက္ခာဖူလုံရေးသည် ကမ္ဘာ တစ်ဝန်းနှင့် စပ်ဆိုင်သော အရေးကြီး ကိစ္စရပ်တစ်ခုဖြစ်လာသည်။ တရိပ်ရိပ် တိုးပွားလာသော လူဦးရေအတွက် ပို၍ လိုအပ်လာသော အစားအသောက်၊ ခေတ်ကာလအလျောက် ပြောင်းလဲ လာသော စားသောက်နေထိုင်မှုပုံစံတို့က တောင်းဆိုလာသော အစားအစာအမျိုး အစားများနှင့် စိုက်ပျိုးရေးကဏ္ဍတွင် တွေ့ကြုံနေရသော အခက်အခဲ စိန်ခေါ်မှု တို့က စားနပ်ရိက္ခာဖူလုံရေးအတွက် လူတို့ကို အလေးထားလာစေသည်။

နှစ်စဉ် ကမ္ဘာပေါ်တွင် အစာအာဟာရ ချို့ငဲ့မှုကြောင့် အသက်ဆုံးပါးသွားရသူ အရေအတွက်မှာ ခုခံအားကျဆင်းမှု ရောဂါနှင့် တီဘီ၊ ငှက်ဖျားတို့ကြောင့် တိမ်းပါးရသူ အရေအတွက်ထက် များနေ ခဲ့သည်။ အောက်ခြေ သန်းတစ်ထောင် ဟု တင်စားကြသော ကမ္ဘာတစ်ဝန်းရှိ လူပေါင်း တစ်ဘီလျံလောက်မှာ အစာ အာဟာရ မလုံလောက်မှုနှင့် ဆက်စပ် သော အခက်အခဲများ ရှိနေပေသည်။ ထို့ကြောင့်ပင် စားနပ်ရိက္ခာ ဖူလုံမှုသည် လူ့အဖွဲ့အစည်းများအကြား အင်မတန် အရေးကြီးသော ကိစ္စရပ်တစ်ခု ဖြစ်လာ ပေသည်။

စားနပ်ရိက္ခာဖူလုံရေးအကြောင်း ဆွေးနွေးကြလျှင် ရှုထောင့် အမြင် လေးရပ်မှ ယေဘုယျ ကြည့်ရှုသုံးသပ် ကြပါသည်။ ယင်းတို့မှာ အစားအစာ ထုတ်လုပ် ရရှိနိုင်မှု၊ အစားအစာ လက်လှမ်းမီနိုင်မှု၊ အစားအသောက်ကို လုံလောက်မျှတ ဘေးကင်းစွာ သုံးဆောင် နိုင်မှုနှင့် စားနပ်ရိက္ခာရေရှည်တည်တံ့ ဖူလုံမှု (ဝါ) အထက်ပါကဏ္ဍ သုံးရပ်တွင် စဉ်ဆက်မပြတ်ရေရှည် တည်တံ့ ဖူလုံမှု တို့ဖြစ်သည်။

အစားအစာ ထုတ်လုပ်ရရှိနိုင်မှု ဆိုသည်မှာ အရည်အသွေးပြည့်မီသော စားနပ်ရိက္ခာများကို ပြည်တွင်းတွင် လုံလောက်စွာ ထုတ်လုပ်နိုင်ခြင်း၊ သို့မဟုတ် နိုင်ငံရပ်ခြားမှ တင်သွင်း ရရှိနိုင်ခြင်း စသော အခြေအနေမျိုးကို ရည်ညွန်းကြသည်။

အစားအစာလက်လှမ်းမီနိုင်မှုဆို သည်မှာ လူတဦးချင်းစီက ယင်းတို့၏ အသက်ရှင် ကျန်းမာရေးအတွက် သင့်တော်၍ အာဟာရပြည့်ဝသော အစားအစာများကို နည်းအမျိုးမျိုးနှင့် လုံလောက်စွာ လက်လှမ်းမီ ရရှိ စားသုံး နိုင်ခြင်းဖြစ်သည်။ ဤနေရာတွင် လူတိုင်းသည် အစားအစာများကို ငွေနှင့် ဝယ်ယူရရှိသည်ဖြစ်စေ၊ လူမှုဖူလုံရေး အထောက်အပံ့ အစီအစဉ်များက ရသည်ဖြစ်စေ နိုင်ငံတော်က အခြေအနေ တစ်ရပ်ရပ်အတွက် ထောက်ပံ့သည် ဖြစ်စေ၊ ဥပဒေအရ အစားအစာများ ရယူခွင့်ရှိသည်ဖြစ်စေ၊ သို့တည်းမဟုတ် ရပ်ရွာဒေသ ထုံးတမ်းဓလေ့များအရ အများပိုင် စုပေါင်းစိုက်ပျိုးထုတ်လုပ်သော အစားအစာများကို ရရှိသည်ဖြစ်စေ၊ ကိုယ်တိုင် တစ်နိုင်တစ်ပိုင် ထုတ်လုပ် ရယူနိုင်သည်ဖြစ်စေ စသော နည်းအမျိုး မျိုးကို ထည့်သွင်းစဉ်းစားရပေသည်။

အလျဉ်းသင့်၍ဆိုရလျှင် အစား အစာ ထုတ်လုပ်ရရှိနိုင်မှုနှင့် အစားအစာ လက်လှမ်းမီနိုင်မှုမှာ တူသယောင်ရှိသော် လည်း မတူပေ။ ဥပမာ တနင်္သာရီတိုင်းတွင် ရေထွက်ကုန် ငါး၊ ပုစွန် များထုတ်လုပ် ရရှိနိုင်သော်လည်း တနင်္သာရီတိုင်းရှိ ပြည်သူတိုင်း ထိုရေထွက်ကုန်များကို လက်လှမ်းမီနိုင်မှု (ဝါ) ဝယ်ယူ စား သောက်နိုင်မှု ရာနှုန်းပြည့်ရှိသည်ဟု မပြောနိုင်ပေ။

ရေထွက်ကုန်များကို နိုင်ငံ ရပ်ခြားဈေးကွက်သို့ တင်ပို့သည့်အတွက် ဒေသခံပြည်သူများ လက်လှမ်းမမီ၊ မစားသောက်နိုင်သည့် အဖြစ်မျိုးလည်း ရှိနိုင်ပေသည်။

အစားအသောက်ကို လုံလောက် မျှတ ဘေးကင်းစွာ သုံးဆောင်နိုင်မှုဆို သည်မှာ လုံလောက်မျှတသော၊ ဘေးကင်းသော အစားအစာပမာဏနှင့် အာဟာရ မျှတစွာ သုံးဆောင်နိုင်ခြင်း၊ သန့်ရှင်းသော ရေကို ရရှိသုံးစွဲနိုင်ခြင်း၊ ကောင်းမွန်သော မိလ္လာစနစ်နှင့် လူသား တို့ ကိုယ်စိတ်နှစ်ဖြာ ကျန်းမာရေးအတွက် လိုအပ်သော ကျန်းမာရေးစောင့်ရှောက် မှုများ ရရှိနိုင်သော အခြေအနေမျိုးကို ဆိုလိုသည်။

စားနပ်ရိက္ခာရေရှည်တည်တံ့ဖူလုံမှု ဆိုသည်မှာ လူဦးရေပမာဏ တစ်ခု အတွက် လုံလောက်သော စားနပ်ရိက္ခာ ရှိခြင်း၊ အိမ်ထောင်စုတိုင်း သို့မဟုတ် မည်သူတဦးတယောက်အတွက် မဆို အာဟာရပြည့်သော အစားအစာများကို အချိန်တိုင်း လုံလုံလောက်လောက် လက်လှမ်းမီ ရယူစားသုံးနိုင်သည့် အခြေ အနေကို ဆိုလိုသည်။ ထိုသို့ အစားအစာ ဖူလုံရန်အတွက်လည်း ထုတ်လုပ်နိုင် သော၊ နိုင်ငံရပ်ခြားမှ တင်သွင်းနိုင်သော အခြေအနေမျိုးရှိရမည်ဖြစ်ပြီး ဘေး အန္တရာယ် ကြုံလာလျှင်ပင် ရိက္ခာမပြတ် ရအောင်၊ ဈေးကွက် ပျက်ခြင်းကြောင့် အစားအစာ အခက်အခဲမဖြစ်အောင်၊ သီးနှံပေါ်ချိန် ကွာခြားမှုကြောင့် ရိက္ခာ မပြတ်ရအောင် စားနပ်ရိက္ခာ ရေရှည် တည်တံ့ဖူလုံမှု ရှုထောင့်မှ သုံးသပ် လုပ်ဆောင်ရမည်ဖြစ်သည်။

စားနပ်ရိက္ခာဖူလုံမှုအတွက်ကြိုး ပမ်းကြရာတွင် ကြုံရသော အခက်အခဲ များစွာရှိသည်။ ယင်းတို့ကို အနှစ်ချုပ် ဖော်ပြရလျှင် ကမ္ဘာတစ်ဝန်းလုံးအတွက် ကြီးမားသော စိန်ခေါ်မှုကြီး ၅ ရပ်ကို ဆွေးနွေးရပေမည်။

အဖျက်ပိုးမွှားတိရစ္ဆာန်နှင့်ရောဂါ

ခန့်မှန်းချေအားဖြင့် ကမ္ဘာတဝန်း ထုတ်လုပ်သော စိုက်ပျိုးသီးနှံများ၏ ၂၅ ရာခိုင်နှုန်းလောက်မှာ အဖျက်ပိုးမွှား တိရစ္ဆာန်နှင့် အပင်များတွင် ကျရောက် သော ရောဂါများကြောင့် ပျက်စီးဆုံးရှုံးနိုင်ချေရှိနေသည်။ ဥပမာ၊ ြွကက်၊ ခရု၊ အင်းဆက်ပိုးများနှင့် မှိုရောဂါများသည် စိုက်ပျိုးရေးလုပ်ငန်းများအတွက် ခြိမ်းခြောက်မှုများဖြစ်သည်။ တလောက အာဖရိက နိုင်ငံတချို့တွင် များစွာသော ကျိုင်းကောင် ကျခြင်းကြောင့် အပင်များ စွာ ပျက်စီးရခြင်းသည်လည်း ထင်ရှား သော သာဓက တစ်ခုပင် ဖြစ်သည်။

လေလွင့်ဆုံးရှုံးခြင်း

စိုက်ပျိုးထုတ်လုပ်လိုက်သော သီးနှံ အစားအသောက်များအားလုံးသည် တနည်းနည်းအားဖြင့် လေလွင့်ဆုံးရှုံး ခြင်း၊ အလဟဿဖြစ်သွားခြင်းမျိုး ရှိနေသည်။ စိုက်ပျိုးထုတ်လုပ်မှုဖြစ်စဉ်အတွင်း ဥပမာ စပါးရိတ်ခြင်း၊ ကြိတ်ခွဲ ခြင်း၊ သိုလှောင်ခြင်း အစရှိသည့် ဆင့် တက်ပြုပြင်သော အဆင့်များတွင် နည်းပညာ အားနည်းမှုကြောင့်လည်း ကောင်း၊ အခြေခံအဆောက်အအုံ မလုံလောက်ခြင်းကြောင့် လည်းကောင်း၊ စသော အကြောင်းများကြောင့် လေလွင့် ဆုံးရှုံးရမှုများရှိနေသည်။ အထူးသဖြင့်ဖွံ့ဖြိုးဆဲနိုင်ငံများတွင် ထိုပြဿနာမျိုး များစွာရှိသည်။

ြွကယ်ဝသောနိုင်ငံများ တွင်မူ လူတို့၏ နေထိုင်စားသောက်မှုပုံစံ (ဥပမာ အစားအသောက်ကို လိုသည် ထက် ပိုဝယ်တတ်ကြကာ လွှင့်ပစ်ရခြင်း) က အစားအစာများကို အလဟဿ ဖြစ်စေတတ်သည်။ ကမ္ဘာတစ်ဝန်း ထုတ်လုပ်လိုက်သော အစားအစာ၏ သုံးပုံ တစ်ပုံခန့် လေလွင့်ဆုံးရှုံးခြင်း၊ အလဟဿဖြစ်သွားရခြင်းမျိုး ရှိနေသည် ဟု ကမ္ဘာစားနပ်ရိက္ခာနှင့် စိုက်ပျိုးရေး အဖွဲ့ကြီးက ဆိုထားသည်။

ရေအရင်းအမြစ်

ကမ္ဘာတစ်ဝန်းရှိ ရေအရင်းအမြစ် များ၏ ၇၀ ရာခိုင်နှုန်းခန့်မှာ စိုက်ပျိုးရေး အတွက် အသုံးပြုနေသည်ဟု ဆိုပါသည်။ ကုလသမဂ္ဂအဖွဲ့ကြီးက ခန့်မှန်းချက်အရ ရေသွင်းစိုက်ပျိုးရေးပမာဏမှာ ယခု လက်ရှိအခြေအနေထက် ၂၀၂၅ ခုနှစ်တွင် တစ်ဆနီးပါးမျှ တိုးတက်လာနိုင်သည်ဟု သိရသည်။ နိုင်ငံပေါင်း ၃၀ ခန့်မှာ ရေအရင်းအမြစ်ကြောင့်ဖြစ်သော ပဋိပက္ခ (ရေစစ်ပွဲ) တွင် ပါဝင်ပတ်သက်ခဲ့ဖူးပြီး၊ နိုင်ငံပေါင်း ၁၄၅ နိုင်ငံမှာ ကန်များ မြစ်ချောင်းများကို မျှဝေသုံးစွဲနေကြရ ပေသည်။ အာဖရိကတိုက်ရှိ လူဦးရေ၏ လေးပုံတစ်ပုံခန့်မှာ ကာလရှည်ကြာ ဆိုးဝါးသော ရေပြဿနာနှင့် ကြုံနေ ကြရသည်။ နောင်တွင် ရေနှင့်ပတ်သက်၍ နိုင်ငံများအကြား အချင်းများကြရမည့် အလားအလာမျိုးရှိနေသည်။

ထင်ရှား သော သာဓကတစ်ခုမှာ မဲခေါင်မြစ်ဝှမ်းရှိ ဒေသများဖြစ်သည်။ မဲခေါင်မြစ်တွင် တရုတ်နိုင်ငံ၏ ရေကာတာ၊ ဆည် ဆောက်ခြင်း များက မြန်မာနိုင်ငံ အပါအဝင် ထိုင်း၊ လာအို၊ ကမ္ဘောဒီးယား နှင့် ဗီယက်နမ်နိုင်ငံတို့ အပေါ် အကျိုး သက်ရောက်မှု ရှိလာမည်ဖြစ်သည်။

ရာသီဥတုပြောင်းလဲခြင်း

စိုက်ပျိုးရေးသည် ရာသီဥတုကို အမှီပြုရသော လုပ်ငန်းတစ်ခုဖြစ်သည့် အလျောက် ရာသီဥတု ဖောက်ပြန်လျှင် စိုက်ပျိုးရေး လုပ်ငန်းများ ထိခိုက် ပေသည်။ တစ်ဖက်တွင်လည်း စိုက်ပျိုး ရေးလုပ်ငန်းကြောင့် ရာသီဥတု ပြောင်းလဲမှုကိုဖြစ်စေသော ဘေးထွက် ဆိုးကျိုးများရှိနေသည်။

ကမ္ဘာတစ်လွှား စိုက်ပျိုးရေးလုပ်ငန်းများက ဖန်လုံ အိမ်ဓာတ်ငွေ့ထုတ်လုပ်မှုမှာ ကမ္ဘာ တဝန်းမှ စုစုပေါင်း ဖန်လုံအိမ်ဓာတ်ငွေ့ ထုတ်လုပ်မှု၏ ၁၀ ရာခိုင်နှုန်းလောက်အထိ ရှိနိုင်သည်ဟု ခန့်မှန်းထားကြသည်။ သီးနှံအမြောက်အမြား ထုတ်လုပ်နိုင်ရန် မြေယာချဲ့ထွင်ခြင်း၊ တောရှင်းခြင်းကြောင့် သစ်တောပြုန်းရခြင်းများက ရာသီဥတု ဖောက်ပြန်မှုကို ဖြစ်စေတတ်ပြန်သည်။ ယနေ့အခါတွင် အကြောင်းအမျိုးမျိုး ကြောင့် ဖောက်ပြန်ပြောင်းလွဲ လာနေသော ရာသီဥတု အခြေအနေသည် စိုက်ပျိုးရေး ကဏ္ဍအတွက် စိန်ခေါ်မှုကြီးတစ်ရပ် ဖြစ်လာနေပေသည်။

စဉ်ဆက်မပြတ် ရေရှည်တည်တံ့နိုင်မှု

လူဦးရေတိုးပွားလာသည့် အလျောက် ထိုလူဦးရေအတွက် တိုးတက်စိုက်ပျိုး ထုတ်လုပ်လာကြရပေသည်။ သို့ရာတွင် ယနေ့ခေတ် စိုက်ပျိုးရေးနည်းပညာ၊ စက်ပစ္စည်းများသည် အကန့်အသတ်ရှိ သော စွမ်းအင် အရင်းအမြစ်များကို မှီခိုနေရသည်။ ဥပမာ စက်ယန္တရားများ အတွက် စက်သုံးဆီလိုအပ်ခြင်း၊ ဓာတ်မြေသြဇာ ထုတ်လုပ်ရန် လျှပ်စစ် စွမ်းအင်လိုအပ်ခြင်းမျိုး ဖြစ်သည်။ ထိုအတွက် စက်သုံးဆီဈေးတက်လျှင် အစားအစာ ဈေးတက်လာနိုင်သည့် အကျိုးဆက်မျိုးရှိသည်။

တစ်ဖက်တွင် လည်း သီးနှံတစ်မျိုးတည်းကို အမြောက် အမြား စိုက်ပျိုး ထုတ်လုပ်ခြင်းကဲ့သို့သော စိုက်ပျိုးရေးလုပ်ငန်းကြီးများ၊ ခေတ်သစ် စိုက်ပျိုးရေး နည်းစနစ်သစ်များက မြေဆီ လွှာ ပျက်စီးခြင်း၊ ဇီဝမျိုးစုံမျိုးကွဲ ြွကယ်ဝမှုကို လျော့ကျစေခြင်းကဲ့သို့ ဆိုးကျိုးများရှိလာသည်။ ထိုဆိုးကျိုးများ က အစားအစာများကို စဉ်ဆက်မပြတ် ရေရှည်တည်တံ့အောင် စိုက်ပျိုးထုတ်လုပ် ရာတွင် ကြီးမားသော စိန်ခေါ်မှုများ ဖြစ်လာပေသည်။

Dawei Watch

ကိုးကား –

Changing Policy Concepts (2006). Food Security. FAO

English Language Institute. (2020). Global Issues.