ကိုဗစ်ကာလ ထိုင်းတွင် အကျဉ်းကျပြီး ပြန်လာသူများကို HIV နှင့် TB ရောဂါစစ်

0
501

ကိုဗစ်ကာလ ထိုင်းနိုင်ငံတွင် အကျဉ်းကျပြီး ပြန်ဝင်လာသူများကို HIV နှင့် TB ရောဂါစစ်ဆေးပေးနေကြောင်း တနင်္သာရီတိုင်းဒေသကြီး ခုခံကျ /ကာလသား ရောဂါတိုက်ဖျက်ရေး စီမံချက်မှ လက်ထောက်ညွှန်ကြားရေးမှူးက ပြောသည်။

လက်ရှိတွင် ကော့သောင်းနယ်စပ် ဝင်ပေါက်နှင့် မြဝတီနယ်စပ်မှ ဝင်ရောက် လာသည့် အကျဉ်းကျပြီး ပြန်လာသူများ ကို ကိုရိုနာရောဂါပိုး ရှိ/မရှိ စစ်ဆေးပေး နေသည်။

ယင်းသို့စစ်ဆေးပြီး ကိုရိုနာရောဂါ ပိုးမတွေ့သူများကိုHIV နှင့် TB ကိုပါ စစ်ဆေးပေးနေကြောင်း အထက်ပါ စီမံချက်မှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါက်တာကျော်တင့်ထွန်းက ဆိုသည်။

HIV ပိုးရှိ/မရှိကို အမြန်စစ်ဆေး သည့်ကိရိယာ ဖြင့် စစ်ဆေးမည်ဖြစ်ပြီး TB ရောဂါကိုမူ သလိပ်စစ်ဆေးခြင်း၊ ဓာတ်မှန်ရိုက်ခြင်းဖြင့် စစ်ဆေးပေးမည် ဖြစ်ကြောင်း ၎င်းက ပြောသည်။

“အကျဉ်းကျပြီး ပြန်လာတဲ့ သူတွေ ကိုပဲ စစ်ဆေးပေးမှာပါ။ မြဝတီဖြစ်ဖြစ် ကော့သောင်းဖြစ်ဖြစ်ပေါ့”ဟု ဒေါက်တာ ကျော်တင့်ထွန်းက ဆိုသည်။

လက်ရှိတွင် ထိုင်းနိုင်ငံမှ အကျဉ်း ကျပြီးပြန်လာသူ အများအပြား ကော့သောင်း နယ်စပ်နှင့် မြဝတီနယ်စပ်ပေါက်တို့မှ ဝင်ရောက်နေသည်။

ကော့သောင်းနယ်စပ်ပေါက်မှ ဝင်လာသူများကို ကော့သောင်းမှာပင် စစ်ဆေးပေးပြီး မြဝတီမှ ပြန်လာသူ များကို ထားဝယ်တွင် စစ်ဆေးပေးနေ ကြောင်း အထက်ပါဌာနထံမှ သိရသည်။

တနင်္သာရီတိုင်းတွင် ART(HIV ပိုးပြန့်ပွားခြင်းအား ဟန့်တားသည့်ဆေး) ဆေး သောက်နေရသူ လေးထောင်နီးပါး ရှိကြောင်း တိုင်းဒေသကြီး ပြည့်သူ့ကျန်းမာ ရေးဦးစီးဌာန စာရင်းအရ သိရသည်။

Dawei Watch