ကပ်ဘေးအလွန် ခရီးသွားကဏ္ဍ ဘယ်လိုရုန်းထမလဲ

0
536

ကိုဗစ်ကပ်ဘေးသည် ပြည်သူများ၏ ကျန်းမာရေးသာမက လူမှုစီးပွားဘဝများကို ကိုင်လှုပ်ပစ်လိုက်သည်။ အမျိုးမျိုးသော လူမှုရေး၊ ကျန်းမာရေး၊ စီးပွားရေးဆိုင်ရာ စိန်ခေါ်မှုများကို ကျော်လွှားနိုင်ရန် အခြေခံ စဉ်းစား၊ ဆင်ခြင်ချက်များ ရရှိနိုင်ရေး ရည်ရွယ်ကာ ကိုဗစ်အထူး ကဏ္ဍကို ဖွင့်လှစ်လိုက်ပါသည်။

အယ်ဒီတာ

လွန်ခဲ့သော နှစ်လကျော် သုံးလခန့် ကစ၍ ကမ္ဘာတစ်ဝန်းရှိ နာမည်ကျော် ကမ်းခြေများ၊ ဈေးဝယ်စင်တာများနှင့် လည်ပတ်စရာ နေရာများအားလုံးလိုလို ကမ္ဘာလုံးဆိုင်ရာ ကပ်ရောဂါဘေးကြောင့် ပိတ်သွားခဲ့ သည်။ နိုင်ငံခြားသား ခရီးသွားများဖြင့် စည်ကားနေလေ့ရှိသော လမ်းမများမှာလည်း တိတ်ဆိတ်ခြောက်ကပ်လျက်။

မီးခိုးတိတ် စီးပွားရေးလုပ်ငန်းကြီး ဖြစ်သော ခရီးသွားကဏ္ဍ တဟုန်ထိုး ကျဆင်းသွားခြင်းဒဏ်ကို ကမ္ဘာ့နိုင်ငံ အများအပြား ခါးစည်းခံခဲ့ရသည်။ သန်းပေါင်းများစွာသော အလုပ်အကိုင် များ ပျောက်ဆုံးသွားသလို ဒေါ်လာ သန်းထောင်ချီသည့် နိုင်ငံ့ဝင်ငွေများ လက်လွှတ်ဆုံးရှုံးခဲ့ကြသည်။

ကပ်ဘေးဆိုးကြောင့် ထိခိုက်ခဲ့ရ သည်မှာ ခရီးသွားကဏ္ဍတစ်ခုတည်းသာ မဟုတ်သော်လည်း ခရီးသွားကဏ္ဍ၏ ဝင်ငွေနှင့် အလုပ်အကိုင်ဖန်တီးပေးနိုင်မှု ပမာဏက ထိခိုက်နစ်နာမှု အများဆုံး ကဏ္ဍအဖြစ် စာရင်းဝင်စေခဲ့သည်။

ယခု နိုင်ငံအများအပြားက သူတို့၏ ပြည်ဝင်တံခါးများကို တစ်ဆင့်ချင်း ပြန်ဖွင့်ရန် စိုင်းပြင်းနေကြသည်။

သေချာသည်က ကိုဗစ်မတိုင်မီ ကာလနှင့် ကိုဗစ်အလွန်ကာလတို့မှာ တပ်တူကျတော့မည် မဟုတ်ပါ။ ပုံစံသစ် စည်းကမ်းအသစ်များဖြင့် နှစ်ပါးသွား ကြရမည်ဖြစ်ပြီး အခြေအနေသစ်က မည်မျှကြာမည်ကို ဘယ်သူမှလည်း မသိနိုင်။

ကိုဗစ်မတိုင်မီ အနေအထားသို့ ပြန်ရောက်ချင်မှလည်း ရောက်နိုင်ပါတော့မည်။

ခရီးသွားလုပ်ငန်းသည် အာရှနိုင်ငံ အများအပြား၏ အသက်သွေးကြော သဖွယ်ဖြစ်ရာ ထိုင်း၊ ဗီယက်နမ်၊ အင်ဒိုနီးရှား စသည့်နိုင်ငံများက ခရီးသွားကဏ္ဍအား ပုံစံအမျိုးမျိုးဖြင့် ပြန်လှုပ်နှိုးရန် ပြင်ဆင်နေသည်။ ကပ်ဘေးဆိုးကို အကောင်းဆုံး ကာကွယ် ထိန်းချုပ်နိုင်ခဲ့သည့် အာရှနိုင်ငံအချို့၏ ကောင်းသတင်းကလည်း ရောဂါဒဏ် အလူးအလဲခံခဲ့ရသည့် ဥရောပသားများ ဘဝင်ကျလောက်သည်။

ဗီယက်နမ်နှင့် ထိုင်ဝမ်တို့က နမူနာကောင်းများအဖြစ် ကျော်ကြားပြီး သူတို့ပြည်တွင်းမှာ ပုံမှန်အနေအထား နီးနီး ပြန်ရောက်နေနှင့်ပြီးဖြစ်သည်။ ထိုင်း၊ အင်ဒိုနီးရှား စသည့် ခရီးသွားကဏ္ဍအပေါ် မှီခိုမှု ကြီးမားသော နိုင်ငံများ သည်လည်း မည်သို့မည်ပုံ ပြန်စမည်ဖြစ် ကြောင်း သတင်းကောင်းများ လွှင့်နေ ကြသည်။

ကိုဗစ်ကပ်ဘေးမှ မည်သို့ ရုန်းထ ကြမည်နည်း။

ဗီယက်နမ်ဥပမာ

လူဦးရေ သန်းတစ်ရာခန့်ရှိပြီး ဖွံ့ဖြိုးဆဲနိုင်ငံတစ်ခုဖြစ်သော၊ ကျန်းမာရေး စောင့်ရှောက်မှုစနစ်မှာလည်း အပျံစား အခြေအနေ မဟုတ်သော ဗီယက်နမ်က ကိုဗစ်ကပ်ရောဂါကို အကောင်းဆုံး ထိန်း ချုပ်ပြခဲ့ခြင်းက ကမ္ဘာ့နိုင်ငံကြီးများပင် အံ့သြရသည်။
ဗိုင်းရပ်စ်ကူးစက်ခံရသူ သုံးရာ ကျော်သာ ရှိခဲ့ပြီး သေဆုံးသူ လုံးဝမရှိ။

ထိုကိန်းဂဏန်းများက အနောက် နိုင်ငံသားတို့ မျက်စိကျစရာ။ ပြည်တွင်း ကူးစက်မှု မရှိသည့်ကာလကလည်း ရက်ပေါင်း ၅၀ ခန့် ရှိလာကာ ဗီယက်နမ် ၏ အခြေအနေက ပုံမှန်ဘဝသို့ ပြန် ရောက်နေပြီးဖြစ်သည်။ ရောဂါထိန်းချုပ် ရေး အကန့်အသတ် အတားအဆီးများ ပြည်တွင်း၌ မရှိတော့။

အနေအထားကောင်းကို ဆုပ်ကိုင် ထားနိုင်သည့် ဗီယက်နမ်သားတို့ ခရီး သွားကဏ္ဍ ပြန်စရေး ဦးစားပေး ပစ်မှတ်မှာ ပြည်တွင်းခရီးသွားများ ဖြစ် သည်။ ကမ်းခြေ အပန်းဖြေခရီးအတွက် ဟိုတယ်နှစ်ညအိပ်၊ လေယာဉ်ခ အပါ ဒေါ်လာ ၁၀ဝ ကျော်ဖြင့် ဈေးဖွင့်သည်။

ယင်းမှာ ကပ်ရောဂါမတိုင်မီ ကာလ ထက် သုံးပုံနှစ်ပုံကျော်အထိ ဈေးချပေး လိုက်ခြင်းဟု ဆိုသည်။ သူတို့ အတွက် အချက်မှာ အမြတ်သုညဖြင့် ခရီးသွား ကဏ္ဍကို ပြန်အသက်သွင်းရေးဖြစ်သည်။ ခရီးသည်များ ပြန်ရောက်မလာဘဲ ဤကဏ္ဍ ပြန်လည်နိုးထရန် မဖြစ်နိုင်။

ခရီးသွားကွက်လပ်များအား ပြည် တွင်းဧည့်သည်များဖြင့် ပြန်ဖြည့်ပြီး နောက်တစ်ဆင့်တွင် နိုင်ငံတကာ ခရီးသည်များ ဆွဲခေါ်မည့် အစီအစဉ်ကို အာဏာပိုင်များက ရေးဆွဲနေပြီး နာမည် ကျော် ပုလဲကျွန်းကို ပြည်ပ ဧည့်သည်များ အတွက် ပြန်ဖွင့်ပေးတော့မည် ဖြစ်သည်။

ထိုသို့ ပြန်ဖွင့်ရာ၌ သတ်မှတ်ချက် နှစ်ခုရှိသည်။ ပြည်ပဧည့်သည်များကို ရှေ့ပြေး စမ်းသပ်ချက်အဖြစ် တစ်ဆင့် ချင်း လက်ခံသွားရန်နှင့် ကျန်းမာရေး ဘေးအန္တရာယ် ကင်းရှင်းမှု စိတ်ချလောက် အောင် စီမံထားရန်ဖြစ်သည်။

ပြည်ပဧည့်သည်များ ပြန်လာချိန် ရောဂါကူးစက်မှု ဖြစ်ခဲ့လျှင် သုညအနေ အထားသို့ ပြန်ရောက်သွားနိုင်သည်။

ဘေးကင်းလုံခြုံရေးမှာ အရေးကြီး ဆုံးဖြစ်ပြီး အမေရိကန်ပြည်ထောင်စု အပါအဝင် ကမ္ဘာ့နိုင်ငံကြီးများ၌ မငြိမ်း သေးသော ကိုဗစ်မီးက ဗီယက်နမ်တို့ အတွက် ခေါင်းလောင်းသံ ဖြစ်နေသေး သည်။ ဟီးရိုးမှ ဇီးရိုး မဖြစ်ရေး ဘေးကင်းလုံခြုံမှု ပထမဟု ပိုင်းဖြတ်ထားသည်။

ကိုဗစ်ကပ်ဘေးမှ ဦးစွာ ပြန်လည် နိုးထလာမည့် တိုင်းပြည်အဖြစ် ဗီယက်နမ်အား ကမ္ဘာက တစ်ပေးသည်။

ထိုင်းနည်းနာ

နိုင်ငံ့ဝင်ငွေ၏ ငါးပုံတစ်ပုံခန့်အား ခရီးသွားကဏ္ဍမှ ဖြည့်တင်းပေးနေသော ထိုင်းတို့အတွက် ကိုဗစ်၏ ထိုးနှက်ချက် က ပြင်းထန်လှသည်။ တရုတ်နိုင်ငံပြင်ပ ပထမဆုံး ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရ သည့် နိုင်ငံအဖြစ် ထိုင်းတို့ မျက်နှာပန်း မလှခဲ့ပါ။

သို့သော်လည်း ကိုဗစ်ကြောင့် သေဆုံးသူ ရာဂဏန်းအောက်တွင် ထိန်းထားနိုင်ခြင်းဖြင့် အခြေအနေကို ထိန်းသိမ်းနိုင်ခဲ့သည်။ ပြည်တွင်း ကူးစက်မှုမှာလည်း မရှိသလောက် လျော့ ကျလာခဲ့ပြီဖြစ်ရာ ဇူလိုင်လဆန်းကစ၍ အရှိန်အဟုန်ဖြင့် ခရီးသွားကဏ္ဍကို ပြန်စနိုင်ရန် ဗျူဟာကျကျ စဉ်းစားနေပြီ ဖြစ်သည်။

ထိုင်းအစီအစဉ်တွင် ပြည်တွင်း ပြည်ပ ခရီးသွားအားလုံးအတွက် မတူညီ သော ဆွဲဆောင်မှုများ စဉ်းစားထားသည်။ ပြည်တွင်းခရီးသွားများအတွက် မက်မော လောက်ဖွယ် ပရိုမိုးရှင်း အစီအစဉ်များကို စဉ်းစားထားပြီး နိုင်ငံရပ်ခြားသို့ အလည် သွားမည့် ထိုင်းနိုင်ငံသားများကိုပင် ပြည်တွင်းဘက်သို့ ခရီးပြန်လှည့်ရန် ဆွဲဆောင်မည် ဖြစ်သည်။

မှတ်တမ်းများအရ ယခုနှစ်တွင် ထိုင်း ၁၂ သန်းခန့် ပြည်ပသို့ အလည် အပတ်ထွက်ရန် စီစဉ်ထားရာ ၎င်းတို့ အနက် ထက်ဝက်ဖြစ်သော ခြောက်သန်း ခန့်ကို ပြည်တွင်း၌သာ ခရီးသွားရန် အစိုးရက တိုက်တွန်းသည်။ ဆုအဖြစ် ပြည်ပခရီးစဉ် ပယ်ဖျက်ခဲ့ကြောင်း အထောက်အထား ပြရုံဖြင့် ပရိုးမိုးရှင်း အများအပြားပေးအပ်သွားမည် ဖြစ်သည်။

ထို့အတူ ဘတ်ငွေ သုံးထောင်အထိ တန်ကြေးရှိသော လက်မှတ်များကို ထိုင်းနိုင်ငံသား လေးသန်းသို့ ပေးအပ်ရန် စီစဉ်ထားပြီး အဆိုပါလက်မှတ်များအား ခရီးသွားစဉ် သုံးစွဲနိုင်မည်ဖြစ်သည်။ ကျန်းမာရေးဝန်ထမ်း တစ်သန်းကျော် အတွက် အခမဲ့ အလည်အပတ် ခရီးများ စီစဉ်ပေးမည်ဖြစ်သည်။

နိုင်ငံခြားသား ခရီးသွားများအတွက် ထိုင်းတို့ ပစ်မှတ်ထားသည်က ယုံကြည် စိတ်ချရမှုဟု ဆိုသည်။

ထိုင်းနိုင်ငံကို လာရောက်လည် ပတ်လျှင် ကိုဗစ်ရောဂါအတွက် မပူပင်ရ အောင် အစီအမံများ ဆောင်ရွက်ထားမည် ဖြစ်ပြီး ထိုင်းတို့ထံ ယုံကြည်စိတ်ချစွာ လာရောက်လည်ပတ်နိုင်ပါကြောင်း ကြေညာဖိတ်ကြားမည် ဖြစ်သည်။ ဟိုတယ်နှင့် စားသောက်ဆိုင်များကိုလည်း အစိုးရက ကိုဗစ်ဘေးအန္တရာယ် ကင်းရှင်း ကြောင်း ထောက်ခံချက်များ စိစစ်ပေးအပ် မည်ဟု ဆိုသည်။

ယမန်နှစ်က ခရီးသွား သန်း ၄၀ ခန့် ထိုင်းတို့ ဧည့်ခံခွင့် ရခဲ့သော်လည်း ယခုနှစ်အတွက် ၁၄ သန်းခန့်သာ မျှော်မှန်းကြောင်း ဝန်ကြီးဌာနက ဆို သည်။ ထို ၁၄ သန်းသော ခရီးသည်များ လာရောက်ရေးအတွက်ပင် ထိုင်းတို့ အပြင်းအထန် ပြင်ဆင် ကြိုးပမ်းနေပြီ ဖြစ်သည်။

ထိုင်ဝမ်၊ ဘာလီ

တရုတ်နှင့် အနီးကပ်ဆုံးဖြစ်သော ထိုင်ဝမ်၏ ကိုဗစ်ထိန်းချုပ်ရေး ဥပမာက လည်း ကမ္ဘာက ကိုးကားစရာ ဖြစ်ခဲ့ သည်။ ကိုရိုနာဗိုင်းရပ်စ် ရောဂါကြောင့် ထိုင်ဝမ်ပြည်တွင်း၌ ပုံမှန်လည်ပတ်မှုများ ရပ်ဆိုင်းမသွားအောင် အစိုးရက ကိုင် တွယ်ခဲ့သည်။

ဗိုင်းရပ်စ် သယ်လာနိုင်ခြေရှိသည့် နိုင်ငံများမှ ခရီးစဉ်များကို ပယ်ဖျက်ခြင်း၊ လေဆိပ်အဝင်၌ ကျန်းမာရေး စစ်ဆေးမှု များ တင်းတင်းကျပ်ကျပ် ဆောင်ရွက်ခြင်း နှင့် အသွားအလာ ကန့်သတ်မှု ကွာရန် တင်းကို အတိအကျ လိုက်နာစေခြင်းတို့ကို စောစောစီးစီး ဆောင်ရွက်ခဲ့ခြင်းဖြင့် ထိုင်ဝမ်သားတို့ ဟန်မပျက် ရှေ့ဆက်ခဲ့ သည်။

လူဦးရေ ၂၄ သန်းကျော်ရှိသော ကျွန်းနိုင်ငံလေးမှာ ကိုဗစ်ကြောင့် သေဆုံး သူ ခုနစ်ဦးသာ။
ယခင်ကပင် နိုင်ငံတကာ ခရီးစဉ် များ၏ ဆုံရပ်ဖြစ်သော ထိုင်ဝမ်က ကိုဗစ် ဥပမာကို ကမ္ဘာသို့ ပြသရန် အခွင့်ကောင်း ရသွားပြီး ဥရောပနှင့် အမေရိကမှ ခရီး သည်များ၏ အလည်အပတ် နေရာစာရင်း ၌ ထိုင်ဝမ်ကို ထည့်သွင်းကြမည်မှာ အသေအချာဖြစ်သည်။

ခရီးသွားလုပ်ငန်းကို ပြန်လည် အသက်သွင်းမည့် နောက်ထပ်ဒေသက အင်ဒိုနီးရှား၏ ဘာလီ။

လူဦးရေ သန်း ၂၇၀ ကျော်ရှိသော နိုင်ငံကြီးမှာ ကိုဗစ်ရောဂါ ထိန်းချုပ်ရေး အတွက် ခက်ခက်ခဲခဲ ရုန်းကန်နေရသော် လည်း နိုင်ငံတကာ တိုးရစ်များအကြား ရေပန်းစားသည့် ဘာလီကမူ တစ်မူထူး ကာ ရောဂါ ကူးစက်သူ သုံးရာကျော်ဖြင့် အကောင်းဆုံး ထိန်းချုပ်ထားနိုင်ခဲ့သည်။

အကယ်စင်စစ် ကနဦးကာလ၌ ဘာလီသားတို့က ပို၍ရင်ပူစရာ အခြေ အနေဖြစ်သည်။ သန်းနှင့်ချီသော နိုင်ငံတကာ ခရီးသွားများ လာရောက် လည်ပတ်ရာ ဘာလီကျွန်းမှာ ကိုဗစ်နိုင် တင်း ကူးစက်ပျံ့နှံ့ချင်စရာ အကောင်းဆုံး အရပ်ဒေသ ဖြစ်သော်လည်း လက်တွေ့၌ မူ ဘာလီက အင်ဒိုနီးရှား တစ်နိုင်ငံလုံး အတွက် စံပြုစရာ ရိုးမော်ဒယ်။

ထို့ကြောင့်ပင် အင်ဒိုအစိုးရက ဘာလီကျွန်းကို ြွခင်းချက်အဖြစ် နိုင်ငံတကာသို့ ဦးစားပေး ပြန်ဖွင့်ရန် စီစဉ်သည်။ ယမန်နှစ်က ပြည်ပဧည့်သည် ခြောက်သန်းကျော် ဘာလီသို့ လာရောက် ခဲ့သည်။ ယခုနှစ်တွင်မူ တစ်သန်းကျော် သာ စာရင်းရှိနေသေးရာ ပြည်ပခရီးသွား ကိန်းဂဏန်းများ မြှင့်တင်ရေး ဘာလီက အခရာ။

နှစ်ပေါင်း တစ်ရာဝန်းကျင်မှသာ တစ်ကြိမ်ကြုံရသော ကပ်ရောဂါဆိုးကြီး က ကမ္ဘာတစ်ဝန်းမှ လူသားတို့အတွက် ကျန်းမာရေး၊ စီးပွားရေး၊ လူမှုရေး၊ ပညာရေး အထွေထွေသော ပူပင် သောက များ သယ်ဆောင်လာခဲ့သည်။ ကျန်းမာရေး လုပ်သားများ၊ စေတနာ့ဝန်ထမ်းများ၏ ပင်ပန်းမှုက တိုင်းတာမရနိုင်သလို လူမပန်းသော်လည်း စိတ်နွမ်းကြရသူ များမှာလည်း ကမ္ဘာ့လူသားများ၏ ရာခိုင်နှုန်း အများစု။

သော့ချက်

အထက်ပါ အခြေအနေများကြောင့် ကပ်ရောဂါကို ရင်ဆိုင်ထိန်းချုပ်ရင်း ပြန်လည်နိုးထရမည့် စီးပွားရေးက ခရီးသွားကဏ္ဍဟု အားလုံးက ပစ်မှတ် ထားကြသည်။ လေကြောင်း၊ ဟိုတယ်၊ စားသောက်ဆိုင်နှင့် ကိုယ်လက် အပန်းဖြေနေရာ အစရှိသည့် အမျိုးမျိုး သော ခရီးသွားလုပ်ငန်း ကွင်းဆက်ကြီး အပေါ် သန်းပေါင်းများစွာသော လုပ်သားအင်အား၊ သန်းထောင်ပေါင်း များစွာသော ဝင်ငွေရလမ်းတို့ မှီနေသည်။

ခရီးသွားလုပ်ငန်း ပြန်လည်နိုးထ ရေး နိုင်ငံအသီးသီး ပြင်ဆင်နေမှုက ဤသို့တွေ့ရသည်။
နံပတ်တစ် ဦးစားပေးမှာ ကျန်းမာ ရေး ဘေးကင်းမှု။ လေဆိပ်ဝင်ပေါက်မှ သည် ဟိုတယ်၊ စားသောက်ဆိုင် အဆုံး လည်ပတ်စရာ နေရာအားလုံး၌ ကိုဗစ် နိုင်တင်း ပျံ့နှံ့ ကူးစက်နိုင်ခြေ မရှိအောင် ပြင်ဆင် ကာကွယ်ထားရမည် ဖြစ်သည်။

နောက်ထပ် လိုအပ်ချက်မှာ အစိုးရ ၏ ကုစားရေး အစီအမံဖြစ်သည်။ နိုင်ငံ အားလုံးလိုလို ကိုဗစ်အနာ ကုစားရေး ငွေကြေး အမြောက်အမြား ထုတ်ယူ သုံးစွဲရန် ဆုံးဖြတ်ထားပြီး စီးပွားရေး လုပ်ငန်းများ ပြန်လည် လှုပ်နှိုးရန် လိုအပ်သော ငွေကြေးစီးဆင်းမှုကို ဖန်တီးကြမည် ဖြစ်သည်။

အစိုးရများ၏ ငွေကြေး ကုစားမှုဖြင့် လုပ်ငန်းရှင်များ အသက်ဆက်နိုင်သလို ခရီးသွားဧည့်သည်များအတွက် မက်မော လောက်ဖွယ် အစီအစဉ်များ မိတ်ဆက်ပေး မည်ဖြစ်သည်။ အရေးကြီးသည်က အစိုးရနှင့် ကျန်းမာရေး အာဏာပိုင်တို့၏ ပြည့်စုံသော အစီအမံနှင့် လုပ်ငန်းရှင်များ ၏ တသွေမတိမ်း လိုက်နာဆောင်ရွက်မှု။

ပိတ်ပင်ကန့်သတ်မှု လော့ခ်ဒေါင်း အခြေအနေကို ဥရောပနိုင်ငံအချို့လည်း ဖြေလျော့စပြုပြီ။
စိတ်ညစ်ညူးဖွယ်ရာ အိမ်တွင်း အောင်းကာလများအလွန် ရေမြေသစ်ဆီ သို့ ခရီးထွက်ခြင်းက ဆေးကောင်းတစ် လက် ဖြစ်လာနိုင်သည်။ ထိုအခွင့်အရေး ကို အမိအရ ဆုပ်ကိုင်နိုင်မည့် အလား အလာက အာရှသားတို့ လက်၌ ရှိနေ သည်။

ကျန်းမာရေး ဘေးကင်းလုံခြုံမှု အစီအမံ၊ အစိုးရ၏ ဘဏ္ဍာငွေ အထောက် အပံ့နှင့် လုပ်ငန်းရှင်တို့၏ တိတိကျကျ လိုက်နာဆောင်ရွက်မှုတို့က ခရီးသွားကဏ္ဍ ပြန်လည်နိုးထလာစေရေး သော့ချက်များ ဖြစ်သည်။ ထိုင်း၊ ဗီယက်နမ်၊ ဘာလီ ကျွန်းတို့က ကြိုတင်ပြင်ဆင်ခြင်းဖြင့် အခွင့်ကောင်းကို အသင့်စောင့်နေကြ သည်။

ကိုဗစ်လွန် နေ့သစ်များက မလွဲ မသွေ ရောက်လာပါလိမ့်မည်။

Dawei Watch