မြိတ်ခရိုင်တွင် တစ်ပတ်အတွင်း မီးလောင်မှု သုံးကြိမ်ဖြစ်ပွား

0
415

မြိတ်ခရိုင်တွင် မေလ ၂၉ ရက်နေ့မှ ဇွန် ၄ ရက်နေ့အထိ တစ်ပတ်အတွင်း မီးလောင်မှု သုံးကြိမ်ဖြစ်ပွားခဲ့ကြောင်း မြိတ်ခရိုင်မီးသတ်ဦးစီးဌာနထံမှ သိရသည်။


မြိတ်မြို့ ကျောက်ဖျာကျေးရွာရှိ တံတားတစ်ခုတွင် ဆိုက်ကပ်ထားသည့် ကမ်းဝေးဝါးလတ်လှေတစ်စီးပေါ်ရှိ အားသွင်းထားသောဘတ်ထရီအိုးမှာ အားသွင်းလွန်ပြီး အပူလွန်ကဲကာ အနီးရှိပစ္စည်းတို့မှတစ်ဆင့် ကူးစက်လောင်ကျွမ်းခဲ့ရကြောင်း မြိတ်ခရိုင် မီးသတ်ဦးစီးဌာန တာဝန်ရှိသူတစ်ဦးက ပြောပြသည်။


မီးလောင်မှုကြောင့် စက်ခန်းနှင့် ပဲ့နင်းအခန်းတို့ လောင်ကျွမ်းခဲ့သည်။


ထို့ပြင် မေလ ၃၀ ရက်နေ့တွင် တနင်္သာရီမြို့နယ် သာရဖုံကျေးရွာအုပ်စု အနောက်သာရဖုံကျေးရွာရှိ နေအိမ်တစ်ဆောင်တွင် မီးဖိုအပေါ်၌ ထင်းမီးမွှေးထားရာမှ မီးလောင်မှုစတင်ဖြစ်ပွားခဲ့ကြောင်း မီးသတ်ဦးစီးဌာနမှ သိရသည်။


မီးလောင်မှုကြောင့် သွပ်မိုး၊ အောက် ထပ်အုတ်ကာ၊ ပျဉ်ခင်းနှစ်ထပ်နေအိမ်မှာ မီးလောင်ကျွမ်းခဲ့ကြောင်း သိရသည်။


“မီးလောင်တာ တစ်ခါမှမကြုံဖူးတော့ တစ်ရွာလုံး ပျာပျာယာယာ ဖြစ်သွားတာ” ဟု အနောက်သာရဖုံကျေးရွာနေသူတစ်ဦးက ပြောသည်။


မြိတ်မြို့ မြိတ်တောင်ရပ်ကွက်ရှိ ယောကြီးဝတံတားအနီးရပ်ထားသည့် ကြံတိုင်းအောင် ၉ ခရီးသည်တင် အမြန်ယာဉ်တွင်လည်း မေလ ၄ ရက်နေ့ က မီးလောင်မှုဖြစ်ခဲ့ကြောင်း သိရသည်။


အမြန်ရေယာဉ်၏ ခရီးသည်အခန်းအပေါ်ထပ်တွင် ထမင်းချက်ရန်ဖွင့်ထားသည့် ဂက်စ်မီးဖိုမှတစ်ဆင့် အနီးရှိပစ္စည်းများသို့ ကူးဆက်လောင်ကျွမ်းသဖြင့် ဂက်စ်မီးဖို၊ ဂက်စ်ပိုက်၊ မီးထိန်းပုံး၊ မျက်နှာကြက်တို့ လောင်ကျွမ်းခဲ့ကြောင်း မြိတ်ခရိုင်မီးသတ်ဦးစီးဌာနမှ သိရသည်။


မီးလောင်မှုဖြစ်စဉ်တွင် လှေစောင့်ဖြစ်သူ အသက် ၄၀ နှစ်ရှိ အမျိုးသားတစ်ဦး၏ လက်နှစ်ဖက်တွင် မီးလောင်ဒဏ်ရာတချို့ရရှိသဖြင့် မြိတ်ဆေးရုံကြီးတွင် အတွင်းလူနာအဖြစ် ဆေးဝါးကုသမှုခံယူနေရကြောင်း မီးသတ်ဦးစီးဌာနမှ သိရသည်။


မီးလောင်မှုဖြစ်စဉ်များတွင် တာဝန်ရှိသူတို့အား သက်ဆိုင်ရာမြို့နယ် မြို့မ ရဲစခန်းတို့မှ အမှုဖွင့်အရေးယူဆောင်ရွက်ထားကြောင်း သိရသည်။

မြင့်မိုရ်(မြိတ်)