ကော့သောင်းမြို့ပြစီမံကိန်း လွှတ်တော်အတည်ပြု

0
318

တနင်္သာရီတိုင်း၏ ခုနှစ်ခုမြောက် မြို့ပြစီမံကိန်းဖြစ်သော ကော့သောင်းမြို့ပြစီမံကိန်းကို မေလ ၂၇ ရက်က ပြုလုပ်သော တိုင်းလွှတ်တော်ပုံမှန်အစည်းအဝေတွင် အတည်ပြုလိုက်ပြီ ဖြစ်သည်။

ကော့သောင်းမြို့ပြစီမံကိန်းကို ရော်ဘာ၊ ဆီအုန်း၊ ငါးဖမ်းလုပ်ငန်း၊ ဟိုတယ်နှင့် ခရီးသွားလုပ်ငန်း၊ ကုန်သွယ်ဆိပ်ကမ်းမြို့ စသည့် စီးပွားရေးမျှော်မှန်းချက်များဖြင့် ရေးဆွဲထားခြင်းဖြစ်ကြောင်း လွှတ်တော်သို့တိုင်းအစိုးရက တင်သွင်းသော အစီရင်ခံစာတွင် ဆိုထားသည်။

ယင်းမြို့သည် နယ်စပ်မြို့ဖြစ်သည်နှင့်အညီ အုပ်ချုပ်ရေးအားကောင်းသော မြို့တစ်မြို့ဖြစ်ရန်လိုကြောင်းနှင့် လူဦးရေးတိုးနှုန်းအရ အိမ်ယာစီမံကိန်း၊ မြို့တိုးချဲ့နေရာများကိုပါ ထည့်သွင်းရေးဆွဲထားကြောင်း အဆိုပါအစီရင်ခံစာတွင် ဖော်ပြထားသည်။

တိုးချဲ့မြို့ပြနေရာအတွက် ပုလုံးတုံတုံးကျွန်းပေါ်သွား လမ်းတစ်နေရာဖြစ်သော ရေငန်ဝင်သဖြင့် စိုက်ပျိုးမရသော လယ်မြေတစ်နေရာ၊ နောက်ထပ်နေရာတစ်ခုမှာ ပုလုံးတုံတုံး ကျွန်းပေါ်ရှိ စိုက်ပျိုးမရသော ရေငန်ဝင် လယ်မြေတစ်ရာတို့ကို သတ်မှတ်ထားသည်။

သုံးမိုင်နှင့် တစ်မိုင် သဲတန်းကြားနေရာ၊ ရွှေပြည်သာရပ်ကွက်ရှိ လက်ရှိအမှိုက်စွန့်ပစ်နေသည့်နေရာတို့ကို ဟိုတယ်နှင့် အဆင့်မြင့်အိမ်ရာ စီမံကိန်းဆောင်ရွက်သင့်ကြောင်း အစီရင်ခံစာတွင် အကြံပြုထားသည်။

လက်ရှိကော့သောင်းမြို့တွင် ဘာသာရေးဆိုင်ရာ အဆောက်အအုံများနှင့် လမ်းနယ်အကျယ်အဝန်းများကို စနစ်တကျသတ်မှတ်ပေးရန် လိုအပ်နေကြောင်း ဖော်ပြထားသည်။

ကော့သောင်းမြို့ပြစီမံကိန်းကို နှစ်တို၊ နှစ်ရှည်စီမံကိန်းဟု နှစ်ပိုင်းခွဲ အကောင်အထည်ဖော်မည်ဖြစ်ကြောင်း အစီရင်ခံစာတွင် ဖော်ပြထားသည်။

ကော့သောင်းမြို့ပြစီမံကိန်းနှင့်ပတ်သတ်ပြီး တိုင်းလွှတ်တော် စီမံကိန်း၊ ဘဏ္ဍာရေးနှင့် စီးပွားရေးကော်မတီက ကွင်းဆင်းလေ့လာပြီး တိုင်းလွှတ်တော်ထံ လေ့လာတွေ့ရှိချက်နှင့် အကြံပြုချက်များ ပါဝင်သော အစီရင်ခံစာတစ်ခုကို တင်သွင်းထားသည်။

“ကော့သောင်းကကျတော့ မြေနေရာနဲနဲ ရှားတော့ မြေယာပိုင်ဆိုင်မူနဲ့ပတ်သက်ပြီးတော့ စိုးရိမ်ကြောင့်ကြမူတွေတော့ ရှိတယ်” ဟု ယင်းကော်မတီဥက္ကဋ္ဌ တိုင်းလွှတ်တော်ကိုယ်စားလှယ် ဦးရဲမြင့်ဆွေက ပြောသည်။

ယင်းမြေယာကိစ္စမှာလည်း အစိုးရက ဖြေရှင်းပြီးသားဖြစ်သည့်အပြင် အခြားကိစ္စများလည်း ထွေထွေထူးထူးမရှိသဖြင့် ယင်းမြို့ပြစီမံကိန်းအား အတည်ပြုသင့်သည်ဟု ကော်မတီအနေဖြင့် ဆုံးဖြတ်ခဲ့ကြောင်း ဦးရဲမြင့်ဆွေက ပြောသည်။

ကော့သောင်းမြို့ပြ စီမံကိန်းအပါအဝင် တနင်္သာရီတိုင်းတွင် မြို့ပြစီမံကိန်း ခုနှစ်ခု အတည်ပြုခဲ့ပြီး ဖြစ်သည်။