ဆန္ဒထုတ်ဖော်သူများကို ရွှေပြည်သာရပ်ကွက် အုပ်ချုပ်ရေးမှူးက စွဲဆိုထားသည်အမှု စစစ်

0
348

မုဒိန်းမှုကျူးလွန်ရန် အားထုတ်ခဲ့သူကို ကာကွယ်ပေးသည်ဟုဆိုကာ ဆန္ဒထုတ်ဖော်သူ ၈ ဦးအား ကော့သောင်းမြို့ ရွှေပြည်သာရပ်ကွက် အုပ်ချုပ်ရေးမှူးက တရားစွဲဆိုထားသည့်အမှု ပထမဆုံး ရုံးချိန်းကို ၂၀၂၀ ပြည့်နှစ် မေလ ၂၈ ရက် တွင် စစ်ဆေးခဲ့ကြောင်း ယင်းအမှု တရားလို၊ တရားပြိုင်တို့ထံမှ သိရသည်။


အဆိုပါအမှုသည် ညအချိန်မတော် ခုနစ်တန်းကျောင်းသူအရွယ်နှင့် အသက်နှစ်နှစ်အရွယ် မိန်းကလေးငယ်တို့ အိပ်နေသည့်နေအိမ်ပေါ်သို့ ရွှေပြည်သာရပ်ကွက် ရာအိမ်မှူးဖြစ်သူက ၂၀၁၉ ခုနှစ် ဒီဇင်ဘာလ ၁၅ ရက်တွင် နှစ်ကြိမ်တိုင်တိုင် တက်ရောက်လာပြီး မုဒိမ်းကျင့်ရန် ကြိုးပမ်းခဲ့သည်ဟု ယူဆရသည့် ကိစ္စနှင့်ပတ်သက်ပြီး အုပ်ချုပ်ရေးမှူးကို တိုင်ကြားသော်လည်း လုပ်ထုံးလုပ်နည်းအတိုင်း ဆောင်ရွက်ပေးခြင်းမရှိဟုဆိုကာ ဆန္ဒပြရာမှ ဖြစ်လာသည့်အမှု ဖြစ်သည်။


အဆိုပါ မိန်းကလေးငယ်နှစ်ဦး၏ မိခင်တို့က ရွှေပြည်သာရပ်ကွက် အုပ်ချုပ်ရေးမှူးအား သွားရောက်တိုင်တန်းခဲ့သော်လည်း အကြောင်းမထူးဟုဆိုကာ ကော့သောင်းဒေသခံ တစ်ရာခန့်က ရွှေပြည်သာရပ်ကွက် အုပ်ချုပ်ရေးမှူးအား ၂၀၁၉ ခုနှစ် ဒီဇင်ဘာလ ၃၀ ရက်တွင် ဆန္ဒထုတ်ဖော်ခဲ့ကြသည်။


ရွှေပြည်သာရပ်ကွက် အုပ်ချုပ်ရေးမှူး ဦးမြင့်အေးကမူ ၎င်းအနေဖြင့် လုပ်ပိုင်ခွင့်ရှိသည့် ဘောင်ထဲက လုပ်ဆောင်ပေးခဲ့သည်ဟု ပြောသည်။


ဆန္ဒထုတ်ရာတွင် ၎င်း၏ဂုဏ်သိက္ခာကို ထိခိုက်စေသည့်အချက်များပါဝင်သည်ဟုဆိုကာ ဦးဆောင်ပါဝင်သူ၊ ဝန်းရံသူနှင့် မိန်းကလေးငယ်၏မိခင် စုစုပေါင်းရှစ်ဦးကို ရာဇသတ်ကြီးပုဒ်မ ၅၀ဝ အသရေဖျက်မှုဖြင့် ရွှေပြည်သာရပ်ကွက် အုပ်ချုပ်ရေးမှူးဖြစ်သူ ဦးမြင့်အေး က ကော့သောင်းမြို့နယ်တရားရုံးသို့ ဦးတိုက်တရားစွဲဆိုခဲ့သည်။


တရားစွဲခံရသူတစ်ဦးဖြစ်သည့် ဦးဇေယျာစိုးကမူ မုဒိမ်းကျင့်ရန်ကြံစည်ခံရသည့် အမျိုးသမီးငယ်နှစ်ဦး၏ မိခင်ကိုယ်တိုင် အုပ်ချုပ်ရေးမှူးနှင့် သက်ဆိုင်ရာရဲစခန်းသို့ သွားရောက် တိုင်ကြားခဲ့သော်လည်း ယနေ့အချိန်အထိ အမှုဖွင့်လှစ်ပေးခြင်း မရှိသေး ကြောင်း ပြောသည်။


“အဲတာကို ဂုဏ်သိက္ခာညှိနွမ်းစေပါတယ်ဆိုပြီးတော့ အုပ်ချုပ်ရေးမှူးက တရားပြန်စွဲတယ်။ အခုဆိုရင် နာလည်းနာ နံလည်းနံ အဲလိုပုံစံမျိုး ဖြစ်နေတယ်” ဟု ဦးဇေယျာစိုးက ဆိုသည်။


လက်ရှိတွင် မုဒိမ်းကျင့်ရန်အား ထုတ်ခဲ့သည်ဟုဆိုသည့်ကိစ္စကို ရဲစခန်းတွင် အမှုဖွင့်ထားပြီး ရဲစခန်းက တရားရုံးတွင် အမူစွဲတင်ပေးရန်သာကျန်နေကြောင်း မိန်းကလေးငယ်နှစ်ဦး၏ မိခင်ဘက်က လိုက်ပါဆောင်ရွက်ပေးနေသည့် အသိပညာပေး ဥပဒေအဖွဲ့(ကော့သောင်း) အတွင်းရေးမှူး အထက်တန်းရှေ့နေ ဦးလွမ်းအောင်ထွေးက ပြောသည်။


စွပ်စွဲခံထားရသူ ရာအိမ်မှူးကိုလည်း လက်ရှိအချိန်တွင် မဖမ်းမိသေးကြောင်း ယင်းအမှုဖြစ်စဉ်တွင် ပါဝင်ပတ်သက်နေသူအချို့ထံမှ သိရသည်။ အမှု ဒုတိယအကြိမ် ရုံးချိန်းကို ဇွန်လ ၁၂ ရက် ချိန်းဆိုထားသည်။