ကုမ္ပဏီ ခြောက်ခုဝင်ပြိုင်သည့် ကော့သောင်းလျှပ်စစ် တင်ဒါဖွင့်

0
330

ကုမ္ပဏီခြောက်ခု ဝင်ပြိုင်ထားသည့် ကော့သောင်းမြို့နယ် လျှပ်စစ်ထုတ်လုပ်ဖြန့်ဖြူးရေးလုပ်ငန်း တင်ဒါကို ဇွန်လ ၁ ရက်နေ့က ဖွင့်ဖောက်စစ်ဆေးခဲ့ကြောင်း တနင်္သာရီတိုင်းဒေသကြီး လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီး ဦးအောင်သူရက ပြောသည်။


အဆိုပါတင်ဒါကို တိုင်းအတွင်းနှင့် တိုင်းပြင်ပ အခြေစိုက်ကုမ္ပဏီများက ဝင်ပြိုင်ခဲ့ကြသည်ဟု ၎င်းက ဆိုသည်။


တင်ဒါဖွင့်ဖောက်ပြီး ရွေးချယ်ရာတွင် ကုမ္ပဏီ၏ နောက်ခံ (Profile)၊ နည်းပညာ၊ ဈေးနှုန်းတို့ကို တစ်ဆင့်ချင်းစစ်ဆေးကာ အမှတ်ပေးကြောင်း ဝန်ကြီးဦးအောင်သူရက ဆိုသည်။


တင်ဒါဖွင့်ဖောက် စစ်ဆေးရာတွင် ကုမ္ပဏီ၏ Profile မအောင်မြင်ပါက နည်းပညာပိုင်းကို ဆက်လက် မစစ်ဆေးတော့ကြောင်း ၎င်းက ပြောသည်။


တင်ဒါဝင်ပြိုင်သည့်ကုမ္ပဏီ၏ Profile နှင့် နည်းပညာစစ်ဆေးအောင်မြင်သည့် ကုမ္ပဏီများကိုသာခေါ်ယူ၍ တစ်ယူနစ်ဈေးနှုန်း ဖွင့်ဖောက်မည်ဖြစ်ကြောင်း ဦးအောင်သူရက ပြောဆို ထားသည်။


ဝင်ပြိုင်သည့် ကုမ္ပဏီတစ်ခုချင်းအလိုက် တစ်ယူနစ် အဆိုပြုဈေးနှုန်း၊ အသုံးပြုမည့်လောင်စာနှင့် အခြားအကြောင်းအရာအသေးစိတ်ကိုမူ တိုင်းအစိုးရ အစည်းအဝေးသို့တင်ပြပြီးမှသာ ထုတ်ပြန်မည်ဖြစ်ကြောင်း ၎င်းက ဆိုသည်။


“၎င်းတင်ဒါနဲ့ပတ်သက်ပြီး ကက်ဘိနက်တင်ရဦးမှာပေါ့။ ကက်ဘိနက်တင်ပြီးမှပဲ ပြည့်ပြည့်စုံစုံ ဖြေကြားပေးမယ်” ဟု ဝန်ကြီးဦးအောင်သူရက ပြောသည်။


ထားဝယ်နှင့် မြိတ်လျှပ်စစ်တင်ဒါဖွင့်ချိန်က ဝင်ပြိုင်သည့်ကုမ္ပဏီအမည်၊ တစ်ယူနစ် အဆိုပြုဈေးနှုန်းများ၊ အသုံးပြုမည့်လောင်စာ အစရှိသည့်အချက်များကို ထုတ်ပြန်ခဲ့သည်။


ကော့သောင်းလျှပ်စစ်အတွက် ဒီဇယ်လောင်စာအသုံးပြုကာ ထုတ်လုပ်မည်ဆိုပါက စာချုပ်ချုပ်ဆိုသည့်နေ့မှ ရက် ပေါင်း ၉၀ အတွင်းနှင့် အခြားလောင်စာ အရင်းအမြစ်ဖြင့် ထုတ်လုပ်ပါက ရက်ပေါင်း ၁၈၀ အတွင်း ထုတ်လုပ်ဖြန့်ဖြူးပေးရမည်ဖြစ်ကြောင်း တိုင်းအစိုးရက ထုတ်ပြန်ထားသည်။


တင်ဒါအောင်မြင်ထားသည့် လျှပ်စစ်ယူနစ်ဈေးနှုန်းအတိုင်း သုံးလအထိ ဖြန့်ဖြူးပေးရမည်ဖြစ်ပြီး ယင်းကာလနောက်ပိုင်းတွင် လောင်စာဈေးနှုန်း၊ ဒေါ်လာငွေလဲလှယ်နှုန်းတို့ အပေါ်မူတည်ကာ တိုင်းအစိုးရအဖွဲ့သဘောတူညီချက်ဖြင့် သုံးလတစ်ကြိမ် ပြင်ဆင်နိုင်ကြောင်း ဖော်ပြထားသည်။


လက်ရှိတွင် ကော့သောင်းမြို့နယ် လျှပ်စစ်ထုတ်လုပ်ဖြန့်ဖြူးရေးကို ပါချန် ကော့သောင်းဒေသလုံးဆိုင်ရာ လျှပ်စစ်ထုတ်လုပ်ဖြန့်ချိရေးနှင့် အထွေထွေဖွံ့ဖြိုးရေးအများနှင့်သက်ဆိုင်သော ကုမ္ပဏီလီမီတက် (KDDPC) က လုပ်ကိုင်နေသည်။