ကိုဗစ်လှိုင်းမိ သဗ္ဗန်သမား ရာချီကို အစားအသောက် ထောက်ပံ့

0
325

မြိတ်နှင့် ကျွန်းစုမြို့နယ်ရှိ ကိုဗစ်လှိုင်းမိ သဗ္ဗန်ကူးတို့လှေ မောင်းသူနှစ်ရာနီးပါးအား ဆန်၊ ဆီ၊ ငါးသေတ္တာအပါအဝင် အခြေခံစားသောက်ကုန်ငါးမျိုး ထောက်ပံ့မှုရရှိခဲ့ကြောင်း သိရသည်။


ဇွန်လ ၃ ရက်နေ့ ကျွန်းစုလွှတ် တော်ကိုယ်စားလှယ်များ၊ ကျွန်းစု အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနနှင့် အလှူရှင်တစ်ချို့၏ ထည့်ဝင်ငွေများဖြင့် သဗ္ဗန်ကူးတို့လှေမောင်းသူ ၁၆၀ ကျော်အား ကျွန်းစုမြို့နယ်၊ ပထက်ကျေးရွာရှိ အထက်တန်းကျောင်းတွင် ပေးအပ်ခဲ့ကြခြင်း ဖြစ်သည်။


ကိုဗစ်နိုင်တင်းကာလအတွင်း ခရီးသွားလာသူ နည်းပါးလာသည့်အတွက် သဗ္ဗန်ကူးတို့သမားများ၏ ဝင်ငွေသည်လည်း ထက်ဝက်ကျော်ခန့်ကျဆင်းသဖြင့် အများစုမှာ စားဝတ်နေရေး အခက်အခဲကြုံလျက်နေကြောင်း မေလ ၂၅ ရက်ထုတ်ဝေသည့် တနင်္သာရီအပတ်စဉ်တွင် ဖော်ပြခဲ့သည်။


“အခြေခံလူတန်းစားတွေဖြစ်တဲ့ သဗ္ဗန်ကူးတို့သမားတွေ စားဝတ်နေရေး အခက်အခဲရှိနေတယ်ဆိုတာ သတင်းတွေမှာလည်း ဖတ်ရတယ် ဒါကြောင့် လွှတ်တော်ကိုယ်စားလှယ်တွေနဲ့တိုင်ပင်ပြီးတော့ အလှူရှင်တွေနဲ့ လှူရခြင်းဖြစ်တယ်” ဟု ကျွန်းစုမြို့နယ် အမျိုးသား လွှတ်တော်ကိုယ်စားလှယ် ဦးဥက္ကာမင်းက ပြောသည်။


သဗ္ဗန်ကူးတို့မောင်းသူအများစုသည် ကိုယ်ပိုင်ဖြစ်ကြပြီး အုံနာအငှားမောင်းကြသူများလည်း ရှိကြသည်။


“အလုပ်အကိုင် အဆင်မပြေတဲ့ ခုလိုအချိန်မှာ လာလှူတဲ့အတွက် အရမ်းကျေးဇူးတင်တဲ့အကြောင်း ပြောချင်ပါတယ်” ဟု သဗ္ဗန်မောင်းသူကိုဝင်းလွှင်က ပြောသည်။


သဗ္ဗန်ကူးတို့မောင်းသူများနည်းတူ အခြေခံလူတန်းစားများဖြစ်ကြသည့် ကုန်ထမ်းသမားများ၊ ဆိုင်ကယ်တက္ကစီမောင်းသူများအားလည်း နောက်ထပ်ရရှိမည့် အလှူငွေအပေါ်မူတည်၍ လှူဒါန်းသွားရန်ဆန္ဒရှိကြောင်း ဦးဥက္ကာမင်းက ဆိုသည်။

ကိုဆန်း