မြိတ်လေတပ်စခန်းဌာနချုပ်တွင် အမျိုးသမီး ၅ ဦး မိုးကြိုးထိမှန် သေဆုံး

0
275

မြိတ်မြို့ မြိတ်တောင်ကျေးရွာအုပ်စု ဘုတ်ချောင်းကျေးရွာနှင့် ကပ်လျက်ရှိ မြိတ်လေတပ်စခန်းဌာနချုပ် ဧရိယာဝင်းတွင် ဇွန်လ ၃ ရက်နေ့ မွန်းလွဲပိုင်းက မိုးသည်းထန်စွာရွာသွန်းခဲ့ပြီး မိုးကြိုးပစ်ခံမှုကြောင့် အမျိုးသမီးငါးဦးသေဆုံးခဲ့ရကြောင်း မြိတ်ခရိုင် ဘေးအန္တရာယ် ဆိုင်ရာစီမံခန့်ခွဲမှု ဦးစီးဌာနလက်ထောက်ညွှန်ကြားရေးမှူး ဒေါ်တင်တင်ချိုထံမှ သိရသည်။


မြိတ်လေတပ်စခန်းဌာနချုပ် ဧရိယာဝင်းတွင် အမှတ် ၇၂ လေယာဉ်အုပ်စုမှ ဌာနချုပ်မှူးဒိုင်း တပ်တွင်း ဖူဆယ်ဘောလုံးပြိုင်င်ပွဲပြုလုပ်နေစဉ် ဘော်လုံးပွဲအားကြည့်ရှုအားပေးနေကြ သည့် အမျိုးသမီး ၁၂ ဦးအား မိုးကြိုးပစ်ခတ်မှုခံရကြောင်း လက်ထောက်ညွှန် ကြားရေးမှူး ဒေါ်တင်တင်ချိုက ပြောသည်။


မိုးကြိုးထိသည့် အမျိုးသမီး ၁၂ ဦးအနက် အသက် ၄ နှစ်ရှိ မိန်းကလေးငယ်တစ်ဦး အပါအဝင် အမျိုးသမီးငါးဦးသေဆုံးခဲ့ရပြီး ကျန်ခုနှစ်ဦးအား အမှတ် ၅၊ တပ်မတော်စစ်ဆေးရုံ ကုတင် ၁၀ဝ တွင် ဆေးကုသမှုခံယူနေရကြောင်း မြိတ်ခရိုင် ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု ဦးစီးဌာနမှ သိရသည်။


“ဆေးရုံတက်နေရတဲ့ လူနာတွေ စိုးရိမ်စရာ မရှိပါဘူး” ဟု လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်တင်တင်ချိုက ပြောသည်။


မိုးကြိုးထိမှန်သူများတွင် တပ်မိသားစုဝင်များနှင့် အရပ်သားတစ်ဦး၏ ဇနီးနှင့်သမီးနှစ်ဦးတို့ပါရှိကြောင်း အထက်ပါဌာနမှ သိရသည်။


သေဆုံးသူငါးဦးအတွက် တစ်ဦးလျှင် ငွေကျပ်သုံးသိန်းနှုန်းနှင့် ဆေးဝါးကုသမှုခံယူနေရသူတို့အတွက် တစ်ဦးလျှင် ကျပ်ငါးသောင်းနှုန်းတို့ဖြင့် မြိတ်ခရိုင်ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနက ဇွန်လ ၄ ရက်နေ့တွင် ထောက်ပံ့မှုပေးခဲ့ကြောင်း သိရသည်။


အဆိုပါ မိုးကြိုးပစ်ခတ်မှုကြောင့် ဘုတ်ချောင်းကျေးရွာရှိ နေအိမ်တချို့တွင် မီးချောင်းများနှင့် မိန်းခလုပ်ခုံတို့ လောင်ကျွမ်းခဲ့ရကြောင်း ယင်းကျေးရွာနေသူတချို့က ပြောသည်။

မြင့်မိုရ်(မြိတ်)