ဒေါက်တာလဲ့လဲ့မော် မဲဆန္ဒနယ် လစ်လပ်နေရာ သတ်မှတ်

0
466

အဂတိလိုက်စားမှုဖြင့် ထောင်ဒဏ် နှစ်၃၀ကျခံနေရသော ဝန်ကြီးချုပ်ဟောင်း ဒေါက်တာလဲ့လဲ့မော်ကို တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်အဖြစ်မှ ရပ်စဲလိုက်ပြီး သရက်ချောင်းမဲဆန္ဒနယ်အမှတ် (၁) အားလစ်လပ်နေရာအဖြစ် သတ်မှတ်လိုက်သည်။


မေလ၂၇ရက်တွင်ကျင်းပခဲ့သည့် တနင်္သာရီတိုင်းဒေသကြီး လွှတ်တော်အစည်းအဝေးတွင် ယင်းသို့သတ်မှတ်ကြောင်းကြေညာခဲ့ခြင်း ဖြစ်သည်။


ဒေါက်တာလဲ့လဲ့မော်သည် အဂတိလိုက်စားမှုဖြင့်ဖမ်းဆီးခံရပြီးနောက် ဝန်ကြီးချုပ်တာဝန်မှ ရပ်စဲခံခဲ့ရသော်လည်း အမှုရင်ဆိုင်နေစဉ်ကာလအတွင်း လွှတ်တော်ကိုယ်စားလှယ်တာဝန်ရှိနေဆဲဖြစ်ကာ လွှတ်တော်အစည်းအဝေးများတွင် ပျက်ကွက်ခွင့်ပန်ကြားထားခြင်း ဖြစ်သည်။


ဒေါက်တာလဲ့လဲ့မော် အမှုကို မေလ ၂၂ တွင် အမိန့်ချပြီးဖြစ်သောကြောင့် တိုင်းဒေသကြီးလွှတ်တော် သို့မဟုတ် ပြည်နယ်လွှတ်တော်ရွေးကောက်ပွဲ ဥပဒေ ပုဒ်မ ၁၁ (ဃ)ပါ ပြဌာန်း ချက်နှင့်ငြိစွန်းသဖြင့် တိုင်းလွှတ်တော်သဘောထားကိုခံယူကာ အထက်ပါအတိုင်း ကြေညာခဲ့ခြင်းဖြစ်ကြောင်း တနင်္သာရီတိုင်းဒေသကြီး လွှတ်တော်ဥက္ကဋ္ဌဦးခင်မောင်အေးက ပြောသည်။


ရွေးကောက်ပွဲဥပဒေပုဒ်မ ၁၁(ဃ)အရ လွှတ်တော်ကိုယ်စားလှယ်အဖြစ် ရွေးကောက်တင်မြှောက်ခံရပြီးနောက် တည်ဆဲဥပဒေတစ်ရပ်ရပ်အရ ထောင်ဒဏ်ကျခံရပါက လွှတ်တော်ကိုယ်စားလှယ်အဖြစ် ဆက်လက်ရပ်တည်ပိုင်ခွင့်မရှိ တော့ပေ။


ယင်းသို့သတ်မှတ်ကြောင်းကို ပြည်ထောင်စုနှင့်တိုင်းဒေသကြီး ရွေးကောက်ပွဲကော်မရှင်သို့ အကြောင်းကြားစာပေးပို့ပြီးဖြစ်ကာ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ပြန်တမ်းထွက်ရှိလာလိမ့်မည်ဟု ဦးခင်မောင်အေးက ပြောသည်။


သရက်ချောင်းမြို့နယ်ရှိလွှတ်တော် ကိုယ်စားလှယ် ၄ ဦးအနက် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်ဦးအောင်စိုးမှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီမှ နုတ်ထွက်ကာတစ်သီးပုဂ္ဂလခံယူထားပြီး အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးထွန်းလင်းမှာ ကျန်းမာရေးမကောင်းပေ။


မဲဆန္ဒနယ်အမှတ်(၂) တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးဝေဝေလွင်မှာလည်းတိုင်းဒေသကြီးလွှတ်တော်တွင် သရက်ချောင်းမြို့နယ်အတွက် မေးခွန်းမေးမြန်းမှု၊ အဆိုတင်မှု နည်းလွန်းသူဖြစ်သည်။