တနင်္သာရီတိုင်း ကိုဗစ်ရောဂါ ကင်းစင်ပြီ

0
783

ထားဝယ်မြို့တွင် တစ်ဦးတည်း သော ပိုးတွေ့ လူနာအမှတ် (၁၈၅) ကို ဇွန်လ ၆ ရက်တွင် ဆေးရုံက ဆင်းခွင့် ပြုလိုက်ပြီဖြစ်သောကြောင့် လတ်တ လော တနင်္သာရီတိုင်းတွင် ကိုဗစ်-၁၉ ရောဂါ ကင်းစင်သွားပြီဖြစ်ကြောင်း တနင်္သာရီတိုင်း ပြည့်သူ့ကျန်းမာရေး ဦးစီးဌာန ပြောရေးဆိုခွင့်ရှိသူ ဒေါက်တာ ထွေးမြစိုးက ပြောသည်။

ယင်းလူနာတွင် ပိုးတွေ့ကြောင်း ကျန်းမာရေးနှင့် အားကစားဝန်ကြီး ဌာန က ကြေညာပြီး နောက်ထပ်နှစ်ကြိမ် ဓာတ်ခွဲစစ်ဆေးခဲ့ရာ နှစ်ကြိမ်ဆက်တိုက် ပိုးမတွေ့တော့သဖြင့် ဆေးရုံက ဆင်းခွင့် ပြုလိုက်ခြင်းဖြစ်ကြောင်း ဒေါက်တာ ထွေးမြစိုးက ပြောသည်။

“တနင်္သာရီတိုင်းက အရောင်ပြောင်း သွားတာပေါ့လေ”ဟု ဒေါက်တာထွေးမြစိုးက ပြောသည်။

ဆေးရုံက ဆင်းခွင့်ပြုလိုက်သော လူနာအမှတ် ၁၈၅ သည် အမှတ်(၃) အထက်တန်းကျောင်းတွင် ခုနှစ်ရက်၊ နေအိမ်တွင် ခုနှစ်ရက် အသွားအလာကန့်သတ်ထားမည်ဖြစ်ကြောင်း ၎င်းက ပြောသည်။

လူနာအမှတ် ၁၈၅ နှင့် ထိတွေ့ခဲ့ သည့် မိသားစုဝင်များသည်လည်း အသွားအလာကန့်သတ်ထားရာ ဇွန်လ ၈ ရက်တွင် အားလုံး အိမ်ပြန်ခွင့်ရမည် ဖြစ်ကြောင်း လူနာအမှတ် ၁၈၅ သား ဖြစ်သူ ကိုထိန်လင်းလတ်က ပြောသည်။

လူနာအမှတ် ၁၈၅ သည် မေလ ၁၈ ရက်မှ ဇွန်လ ၆ ရက်အထိ ရက် ပေါင်း ၂၀ တိတိ ဆေးကုသမူကို ခံယူခဲ့ ရသည်။

ကျော်သူစိုး