လောင်းလုံးတွင် ခွင့်ပြုချက်မဲ့ လယ်မြေဖို့သူများကို ခံဝန်ထိုးခိုင်းလျက်ရှိ

0
2022

လောင်းလုံးမြို့နယ်အတွင်း လယ်ယာမြေပေါ်မှာ ခွင့်ပြုချက်တစ်စုံတစ်ရာမရရှိဘဲ မြေဖို့ခြင်းအပါအဝင် အခြားနည်းအသုံးပြုနေသူများကိုခေါ်ယူကာ ခံဝန်ထိုးခိုင်းနေကြောင်း မြို့နယ်လယ်ယာမြေစီမံခန့်ခွဲမှု အဖွဲ့အတွင်းရေးမှူးဦးတင်လှက ပြောသည်။


ခွင်ပြုချက်မဲ့လယ်မြေဖို့သူများအား လယ်ယာမြေဥပဒေများကိုရှင်းပြကာ ယင်းဥပဒေများကိုသိရှိပြီး ဥပဒေနှင့် အညီဆောင်ရွက်ရန်နှင့် မြေပြင်ပေါ်ဆောက်ထားသည့်အဆောက်အအုံများကိုဖယ်ရှားပေးရန်ကို ခံဝန်ထိုးခိုင်းခဲ့ကြောင်း ဦးတင်လှက ပြောသည်။


မေလ၂၈ရက်နေ့ကလည်း ခွင့်ပြုချက်မဲ့လယ်မြေဖို့သူ ၁၃ ဦး အား လောင်းလုံးမြို့ဗထူးခန်းမသို့ ခေါ်ယူကာခံဝန်ထိုးခိုင်းခဲ့ပြီး နောက်ထပ်လည်း ဆက်လက်ခေါ်ယူကာ ခံဝန်ထိုးခိုင်းသွားမည်ဟု ၎င်းက ပြောသည်။


“ဥပဒေနဲ့အညီ ခေါ်ပြောတာ ပေါ့နော်။ တစ်ပတ်တစ်ကြိမ်လောက်တော့ ခေါ်ဖို့အစီအစဉ်ရှိပါတယ်။ ခုကလူတွေများလို့လည်း မဖြစ်သေးဘူးလေ။ကိုဗစ်ကလည်းရှိနေတော့ ဆယ်ယောက် တစ်ဖွဲ့၊ နောက်တစ်ပတ်ကျတော့ ဆယ်ယောက်တစ်ဖွဲ့။ ကျွန်တော်တို့ကလူ လေးငါးခြောက်ဆယ်ကို တစ်ခါတည်းခေါ်လို့ မရဘူးပေါ့ဗျာ” ဟု ဦးတင်လှက ပြောသည်။


ခံဝန်ထိုးထားသူများကို ကွင်းဆင်းစစ်ဆေးကာလိုက်နာမှုမရှိပါက မြို့နယ်လယ်ယာမြေစီမံခန့်ခွဲမှု အဖွဲ့အစည်းအဝေးပြန်ထိုင်ကာ ဥပဒေအရဆက်လုပ်မည့်ကိစ္စများကို ဆုံးဖြတ်သွားမည်ဟု ၎င်းက ပြောသည်။


လယ်မြေဖို့နေသူအချို့ကမူ ဥပဒေအရလယ်ယာမြေအခြားနည်းအသုံးပြုခွင့် တင်ထားသော်လည်း အခြားနည်း အခြားနည်းအသုံးပြုခွင့်ချထားပေးမှုမှာ ကြန့်ကြာလွန်းကြောင်း ပြောကြသည်။


လယ်ယာမြေအခြားနည်းအသုံးပြုခွင့်မှာ မြို့နယ်လယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့တွင် လျှောက်ထားရပြီးမြို့နယ်၊ ခရိုင်၊ တိုင်းအဆင့်ဆင့်စိစစ်ကာဗဟို လယ်ယာမြေစီမံခန့်ခွဲမှုကော်မတီထံမှ ခွင့်ပြုချက်ချထားပေးသည်။


တနင်္သာရီတိုင်းအတွင်းခွင့်ပြုချက်မဲ့ လယ်မြေဖို့ခြင်းအပါအဝင် ဥယျာဉ်ခြံများကိုခွင့်ပြုချက်မဲ့ရှင်းလင်းမြေညှိကာ အကွက်ရိုက်ရောင်းချခြင်းတို့ ကျယ်ပြန့်စွာ ဖြစ်ပေါ်နေသည်။