စည်းကမ်းမလိုက်နာသည့် ဈေးဆိုင် ၅၀ကို စတင်အရေးယူ

0
377

မွန်ပြည်နယ်အတွင်း၌ ကိုရိုနာဗိုင်းရပ်စ်ကူးစက်ရောဂါ ကာကွယ်ထိန်းချုပ်နိုင်ရေးအတွက် ထုတ်ပြန်ထားသည့် စည်းကမ်းချက်များကိုမလိုက်နာသည့် ဈေးဆိုင်ခန်း၅၀ကို အရေးယူထားကြောင်း မွန်ပြည်နယ်စည်ပင်သာယာရေးအဖွဲ့ထံ မှသိရသည်။


ကိုရိုနာဗိုင်းရပ်စ်ကူးစက်ရောဂါကြောင့် ပြည်နယ်အတွင်းရှိ စားသောက်ကုန်ဆိုင်များမှလွဲပြီး ဈေးဆိုင်များအားလုံးကို သင်္ကြန်မတိုင်ခင်ကပိတ်ထားခဲ့ရာမှ မေလ၁၆ ရက်မှစပြီး ဈေးဆိုင်များအားလုံးကို ပြန်လည်ဖွင့်လှစ်ခွင့်ပြုခဲ့သည်။


ပြန်ဖွင့်ခွင့်ပေးရာတွင်ဈေးဆိုင်များအနေနှင့် သတ်မှတ်ထားသောဈေးဆိုင် ဧရိယာထက်ကျော်လွန်၍ ကျူးကျော်တည်ခင်းရောင်းချခြင်းမပြုရန်၊ ဆိုင်ခန်းတစ်ခန်းလျှင်ဆိုင်ရှင် အပါအဝင်အများဆုံး ၃ဦးသာရောင်းချရန်၊ ဈေးသည်များအားလုံးမဖြစ်မနေနှာခေါင်းစည်းတပ်ရန်စသည့် အချက်၈ချက်ပါစည်းကမ်းချက်ကို ဈေးဆိုင်ခန်းပိုင်ရှင်များက ခံဝန်ကတိ လက်မှတ်ရေးထိုးထားခဲ့ရသည်။


“စည်းကမ်းချက်အတိုင်း လိုက်နာမှုရှိမရှိကို ကျွန်တော်တို့ကွင်းဆင်း စစ်ဆေးတယ်။ ကွင်းဆင်းစစ်ဆေးတဲ့နှစ်ရက်အတွင်းမှာ ဖောက်ဖျက်သူ ၅၀ ကိုစာရင်း ကောက်ယူရရှိထားပါ တယ်။ သူတို့ကို ထုတ်ပြန်ထားတဲ့စည်းကမ်းချက်အတိုင်း အရေးယူထားတယ်” ဟု မွန်ပြည်နယ် စည်ပင်သာယာရေးအဖွဲ့ တွဲဖက်ညွှန်ကြားရေးမှူး ဦးတင်ကိုကိုက ပြောသည်။


စည်းကမ်းဖောက်ဖျက်သည့် ဈေးဆိုင်၅၀ကိုထုတ်ပြန်ထားသည့် စည်းကမ်းချက်ပါအတိုင်းပထမအကြိမ်အရေးယူမှုအဖြစ် ဈေးရောင်းချခွင့် ၃ ရက်ပိတ်သိမ်းစေခဲ့ကြောင်း ၎င်းက ဆက်ပြောသည်။


ဈေးဆိုင်များအနေဖြင့်လိုက်နာမည်ဟု ခံဝန်ကတိလက်မှတ်ရေးထိုးထားသည့် စည်းကမ်းချက်များကိုဖောက်ဖျက်ပါက ပထမအကြိမ်ဆိုင် ၃ ရက်ပိတ်ခြင်း၊ ဒုတိအကြိမ်ဆိုင် ၁၀ ရက်ပိတ်ခြင်းနှင့် တတိယအကြိမ်အဖြစ် စည်းကမ်းဖောက်ဖျက်ကြောင်းစိစစ်တွေ့ရှိပါကဈေးရောင်းချခွင့်အပြီး ပိတ်သိမ်းသည်အထိ အရေးယူသွားမည်ဟုလည်း စည်ပင်သာယာရေးအဖွဲ့က ထုတ်ပြန်ထားသည်။