ကိုဗစ်ရောဂါ ဖြစ်ပွားသူ လေးဦးနှင့်အထက်ရှိသည့်မြို့များမှ မြိတ်သို့လာသူများ ကျူဝင်ရမည်

0
258

ကိုဗစ်နိုင်တင်းရောဂါဖြစ်ပွားသူ ၄ ဦးနှင့်အထက်ရှိသည့်မြို့များမှ မြိတ်သို့လာသူများအနေဖြင့် မေလ ၁၉ ရက်နေ့မှစပြီး အသားအလာကန့်သတ်စောင့်ကြည့်မှု ခံယူ (Quarantine ဝင်) ရမည်ဖြစ်ကြောင်း မြိတ်ဒေသ COVID-19 ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးအထောက်အကူပြုကော်မတီ အထွေထွေအတွင်းရေးမှူး (၁) ဦးဥက္ကာမင်းထံမှ သိရသည်။


အသားအလာကန့်သတ် စောင့်ကြည့်မှုခံယူရခြင်း (Quarantine ဝင်ခြင်း)ကို အရပ်စကားဖြင့် အင်္ဂလိပ်စာလုံး၏ အရှေ့တစ်လုံးကိုအတိုကောက်ယူကာ ကျူဝင်သည်ဟု ပြောကြသည်။


ရောဂါပိုးတွေ့ရှိသူ လေးဦးနှင့်အထက်ရှိသည့်မြို့များမှလွှဲပြီး အခြားမြို့များမှ လာသူများအနေဖြင့် သက်ဆိုင်ရာ ရပ်/ကျေး၊ မြို့နယ်များတွင် နေထိုင်သူဖြစ်ကြောင်း ထောက်ခံချက်နှင့် ကျန်းမာရေးဌာန၏ ကျန်းမာရေးကောင်းမွန်ကြောင်း ထောက်ခံချက်ပါရှိရမည်ဖြစ်ကြောင်း ဦးဥက္ကာမင်းက ပြောသည်။


“ထောက်ခံစာတွေ ပြပေးလိုက်တော့ Quarantine မဝင်ရတော့ဘူး” ဟု ဇေယျာသီရိ ၂ ရပ်ကွက်နေ အသက် ၃၀ နှစ်ကျော်ရှိ အမျိုးသမီးက ပြောသည်။


အဆိုပါ အမျိုးသမီးသည် မေလ ၂၁ ရက်နေ့က ရန်ကုန်မြို့မှ လေကြောင်းလိုင်းဖြင့် မြိတ်သို့ပြန်လည်ရောက်ရှိလာခြင်း ဖြစ်သည်။


လက်ရှိအချိန်ထိ ကိုဗစ်နိုင်တီးရောဂါပိုးလေးဦးနှင့် အထက်တွေ့ရှိထားသည့် မြို့နယ် ၁၄ ခု ရှိကြောင်း ဦးဥက္ကာမင်းက ပြောသည်။


တနင်္သာရီတိုင်းဒေသကြီး ကိုဗစ်နိုင်တီးထိန်းချုပ်ရေးနှင့် အရေးပေါ်တုံပြန်ရေးကော်မတီက မေလ ၁၇ ရက်နေ့တွင် ထုတ်ပြန်သည့်ထုတ်ပြန်ချက်တွင် ရောဂါဖြစ်ပွားမှုများရာ ဒေသမှ ပြန်လာသူများသာလျှင် အသွားအလာကန့်သတ်စောင့်ကြည့်မှု ခံယူရမည်ဟု ထုတ်ပြန်ထားသည်။


အဆိုပါ ထုတ်ပြန်ချက်တွင် ရောဂါဖြစ်ပွားမှုများရာဒေသမှ ပြန်လာသူများဟူသည့် စကားရပ်မှာ ယေဘုယျဆန်သည့်အတွက် မြိတ်မြို့ရှိ သက်ဆိုင်ရာအဖွဲ့အစည်းများ အစည်းအဝေးဆုံးဖြတ်ချက်အရ ရောဂါပိုးရှိသူလေးဦးနှင့် အထက်ရှိသည့်မြို့များမှ ပြန်လာသူများကိုသာ အသွားအလာကန့်သတ်စောင့်ကြည့်ရန် ဆုံးဖြတ်ခဲ့ကြောင်း ဦးဥက္ကာမင်းက ပြောသည်။


လက်ရှိတွင် တနင်္သာရီတိုင်းတွင် ကိုဗစ်နိုင်တင်းရောဂါပိုးတွေ့ရှိသူ တစ်ဦးရှိသည်။

မေလ ၂၁ ရက် ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာန ထုတ်ပြန်ချက်အရ
ပိုးတွေ့လူနာ လေးဦးနှင့် အထက် ရှိသည့် မြို့နယ်များ

ရန်ကုန်တိုင်းအင်းစိန် ၊ မရမ်းကုန်း၊ တောင်ဥက္ကလာပ၊ တာမွေ၊ ဗဟန်း၊ ပန်းဘဲတန်း၊ ဗိုလ်တစ်ထောင်၊ လှိုင်သာယာ၊ ကမာရွတ်၊ ဒဂုံမြို့သစ်(မြောက်ပိုင်း)၊ လှိုင်
ပဲခူးတိုင်းပေါက်ခေါင်း
စစ်ကိုင်းတိုင်းကလေး
ချင်းပြည်နယ်တီးတိန်