မြိတ်တွင် လက်ဖက်ရည်နှင့် စားသောက်ဆိုင် ငါးရာကျော်ဆိုင်ထိုင် ပြန်ရောင်းရန် ပြင်ဆင်

0
271

မြိတ်ရှိ လက်ဖက်ရည်နှင့်စားသောက်ဆိုင် ငါးရာကျော်ဆိုင်ထိုင် ပြန်လည်ရောင်းချရန် ပြင်ဆင်နေကြောင်းဆိုင်ရှင်များနှင့် မြိတ်မြို့နယ်စည်ပင်သာယာရေးအဖွဲ့ထံမှ သိရသည်။


မြိတ်မြို့တွင် လက်ဖက်ရည်ဆိုင်နှင့် စားသောက်ဆိုင် စုစုပေါင်းငါးရာကျော်မှာ ဧပြီလ၁ရက်နေ့မှ စတင်ကာဆိုင်ထိုင်စနစ်ရပ်နားကာ ပါဆယ်စနစ်ဖြင့်သာရောင်းချခဲ့ရသည်။


ယခုအခါယင်းဆိုင်များ ဆိုင်ထိုင်စနစ်ဖြင့်ပြန်လည်ရောင်းချနိုင်ရေး ပြင်ဆင်နေကြောင်းမြိတ်မြို့နယ်စည်ပင်သာယာရေးအဖွဲ့ ဒုတိယညွန်ကြားရေးမှူးဦးကြည်စိုးက ပြောသည်။


“ရောင်းချလိုတဲ့ ဆိုင်တွေစည်းကမ်းနဲ့အညီ စနစ်တကျရောင်းချနိုင်ရေးအတွက် ကျွန်တော်တို့ကလည်းစိစစ်ပြီးတော့မှ ရောင်းချခွင့်ပြုသွားမှာ ဖြစ်ပါတယ်” ဟု ၎င်းက ပြောသည်။


ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည့် ထုတ်ပြန်ချက်အရ စည်းကမ်းနှင့်အညီရောင်းချနိုင်ရေးအတွက် မေလ ၂၅ရက်က မြိတ်မြို့ပုလဲရတနာခန်းမတွင် တာဝန်ရှိသူများနှင့် လက်ဖက်ရည်ဆိုင်စားသောက်ဆိုင်ပိုင်ရှင်များနှင့် တွေ့ဆုံဆွေးနွေးခဲ့ကြသည်။


ဆိုင်ထိုင်စနစ်ပြန်ဖွင့်နိုင်ရေးပြင်ဆင်ရန် ဆယ်ရက်အချိန်ပေးထားပြီး ညွှန်ကြားချက်အတွင်း၌ ဆိုင်အတွင်းစားပွဲထားသိုရမည့် အနေအထား၊ စားသုံးသူနှင့် ရောင်းချသူဝန်ထမ်းများလိုက်နာရမည့် အချက်အလက်များပါဝင်ပြီး အချက်အလက်အနည်းငယ်သာ လိုက်နာရန် အခက်အခဲရှိကြောင်း မြိတ်မြို့မှ လက်ဖက်ရည်ဆိုင်ပိုင်ရှင်ဦးအောင်ဇော်ဝင်းက ပြောကြားသည်။


“ဝန်ထမ်းတွေပြန်ခေါ်ဖို့ အခက်အခဲတော့ ရှိတယ်။ ဒါပေမဲ့ သတ်မှတ်စည်းကမ်းအတိုင်းလိုက်နာပြီးရောင်းချသွားဖို့တော့ စဉ်းစားထားပါတယ်” ဟု ၎င်းက ပြောသည်။


လက်ဖက်ရည်ဆိုင်နှင့်စားသောက်ဆိုင်များ သတ်မှတ်စည်းကမ်းအတိုင်း မရောင်းချပါက ပထမအကြိမ်သတိပေးခြင်း၊ ဒုတိယအကြိမ်စည်ပင်သာယာရေး ဥပဒေပုဒ်မ ၇၁ အရ ဒဏ်ငွေကျပ် ငါးသောင်းမှ ငါးသိန်းအထိသော်လည်းကောင်း၊ တတိယအကြိမ် ဆိုင်အားတစ်ဆယ့်ငါးရက်ပိတ်သိမ်းခြင်းသော်လည်းကောင်း ပြုလုပ်နိုင်သည်ဟု မြိတ်မြို့နယ် စည်ပင်သာယာရေးအဖွဲ့မှ ဒုတိယညွှန်ကြားရေးမှူး ဦးကြည်စိုးက ရှင်းပြသည်။


ပြန်ဖွင့်မည့်စားသောက်ဆိုင်စာရင်းတွင် ဘီယာဆိုင်များမပါကြောင်း ၎င်းက ဆိုသည်။


ဆိုင်များသည် စစ်ဆေးခံနိုင်သည့်ဆိုင်များ လျှောက်လွှာနှင့်တကွ စည်ပင်သာယာရေးအဖွဲ့သို့ တင်ပြရမည်ဖြစ်ပြီး ကျန်းမာရေးအဖွဲ့နှင့် ဌာနဆိုင်ရာများ ပူးပေါင်းစစ်ဆေးကာဖွင့်လှစ်ခွင့်ပြုပေးသွားမည်ဖြစ်ကြောင်း မြိတ်မြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနတာဝန်ခံ ဒေါက်တာဇင်ကိုအောင်က ပြောသည်။


“ရောင်းနေတဲ့အချိန်မှာလည်း စည်းကမ်းလိုက်နာမှုရှိရဲ့လားဆိုတာကို ထပ်မံပြီးတော့ စစ်ဆေးသွားမယ်” ဟု ၎င်းက ပြောသည်။

ကိုဆန်း