မောတောင်တရားမဝင် လမ်းကြောင်းများ ကိုဗစ်ကာကွယ်ရေး စိန်ခေါ်မှုဖြစ်နေ

0
289

မြန်မာ-ထိုင်းနယ်စပ်ဂိတ်တစ်ခုဖြစ်သည့် မြိတ်ခရိုင်တနင်္သာရီမြို့နယ် မောတောင်နယ်စပ်တစ်လျှောက်ရှိ တရားမဝင်လမ်းကြောင်းမှတစ်ဆင့် ရွှေ့ပြောင်းလုပ်သားများ ဝင်ရောက်မှု ရှိနေသည့်အတွက် ကိုဗစ်အတွက် စိန်ခေါ် မှုတစ်ခုဖြစ်နေရကြောင်း တနင်္သာရီမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးအောင်ကျော်ဟိန်းထံမှ သိရသည်။


ထိုင်းနိုင်ငံတွင် အလုပ်လုပ်နေကြသည့် မြန်မာရွှေ့ပြောင်းအလုပ်သမားများအား ဆိုင်ကယ်ကယ်ရီမောင်းသူတချို့က ထိုင်းနိုင်ငံပရာကျွတ်မြို့မှ တောလမ်းအတိုင်းဖြတ်သန်းကာ မောတောင်သို့ ပို့ဆောင်မှုများရှိနေခြင်းဖြစ်ကြောင်း ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးအောင်ကျော်ဟိန်းက ပြောပြသည်။


“ခိုးလမ်းကနေ တက်လာတာ အတော်အန္တရာယ်များတယ်။ တက်လာတဲ့သူရော သူ့နေရပ်ရော မိသားစုအတွက်ပါ အန္တရာယ်များတယ်” ဦးအောင်ကျော်ဟိန်းက ပြောသည်။


ယင်းကဲ့သို့ ကိုဗစ်ကာလအတွင်း တရားမဝင်လမ်းကြောင်းများမှ ဝင်ရောက်လာကြပြီး နေရပ်သို့ပြန်လည်ရောက်ရှိသည့် ဦးရေမည်မျှရှိမည်ကိုမူ မသိနိုင်ကြောင်း ဦးအောင်ကျော်ဟိန်းက ပြောပြသည်။


မေလ ၁၂ ရက်နေ့က တရားမဝင်လမ်းကြောင်းမှဝင်လာသော ရွှေ့ပြောင်းအလုပ်သမားတွင် ကိုယ်အပူချိန်မြင့်မားနေသဖြင့် မောတောင်တိုက်နယ်ဆေးရုံတွင် အသွားအလာကန့်သတ်ကာ စောင့်ကြည့်ထားသည်။


မောတောင်နယ်စပ်တစ်လျှောက်တွင် တရားမဝင်လမ်းကြောင်းမှာ နေရာအများအပြားရှိနေကြောင်း မောတောင်မြို့ မြို့မရပ်ကွက်အုပ်ချုပ်ရေးမှူး ဦးကျော်မျိုးအောင်က ပြောပြသည်။


ကိုဗစ်ဂယက်ကြောင့် မောတောင်နယ်စပ်ဂိတ်အား လက်ရှိအချိန်အထိ ပိတ်ထားဆဲ ဖြစ်သည်။


မြင့်မိုရ်(မြိတ်)